bundesliga

ဘိုင်ယန်ကို ဂါရတ်ဘေးလ် လာချင်သလားဆိုတာ သူ မသိကြောင်း နည်းပြကိုဗက် ပြော

Goal Goal > July 20, 2019

ရီးရဲလ်မက်ဒရစ်အသင်း အနာဂတ်သေချာမှုမရှိတဲ့ ဝေးလ်တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို လာချင်သလားဆိုတာ သူ မသိပါကြောင်း ဘိုင်ယန်မြူးနစ်နည်းပြကိုဗက်က ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားကောင်းတွေကို ခေါ်ယူပြီးနောက် ကစားသမားအချို့ကို ပြန်လည်ရောင်းထုတ်မှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း ရောင်းချမယ့် ကစားသမားတွေထဲမှာ ဂါရတ်ဘေးလ်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဂါရတ်ဘေးလ်ဟာ တစ်ချိန်က ရီးရဲလ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြကစားပြီး အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာ ဂါရတ်လေးလ်ဟာ ခြေစွမ်းကျလာကာ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတယ်။ဂါရတ်ဘေးလ်ဟာ နည်းပြဇီဒန်းနဲ့လည်း ဆက်ဆံရေး အဆင်မပြေ ဖြစ်နေပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက်က သူ့အနေနဲ့ ဂါရတ်ဘေးလ်ရဲ့ တဲလန့်ကို သဘောကျပေမယ့်လည်း ဝေးလ်ကစားသမား သူတို့ဆီ ပြောင်းမယ်၊ မပြောင်းဘူးဆိုတာ မသိပါကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကိုဗက်က ” ဂျာမန်ဂျာနယ်လစ်တွေက ကျွန်တော် ဘာပြောသလဲဆိုတာကို သေချာနားထောင်တာပဲ ကြိုက်တယ်။ ဂါရတ်ဘေးလ်ဟာ ဂရိတ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အခြားသော ဂရိတ်ကစားသမားတွေနဲ့ အတူတူပါပဲ။ သူဟာ ရီးရဲလ်ကနေ အခြားအသင်းမှာ ကစားမလားဆိုတာ ကျွန်တော် ပြောလို့မရဘူး။ သူ့အပြောင်းအရွှေ့ကို ကျွန်တော် မသိပါဘူး။ မခန့်မှန်းတက်ဘူး ” လို့ ပြောပါတယ်။ရီးရဲလ်နည်းပြ ဇီဒန်းက အသင်းမှာ ဂါရတ်ဘေးလ်ဆက်ရှိလို့ ပြဿနာမရှိကြောင်း ပြောပါတယ်။ ဇီဒန်းက ” ဂါရတ်ဘေးလ်က ပြဿနာလားလို့ ကျွန်တော် ပြောလို့မရဘူး။ သူဟာ စာချုပ်ကျန်နေပါတယ်။ သူ ဒီမှာပဲ ရှိတယ်။ ကစားသမားတွေအားလုံးကို လေးစားပါတယ်။ သူက ရီးရဲလ်ကစားသမားပါ။ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမယ် ” လို့ ပြောကြားထားပါတယ်။ ဂါရတ်ဘေးလ်းဟာ ရီးရဲလ်ကစားသမားဘဝ ၂၃၁ ပွဲ ကစားထားရာမှာ ၁၀၂ ဂိုး သွင်းထားပါတယ်။