bundesliga

ဘိုင်ယန်မြူးနစ်နဲ့ ပွဲထွက်ကစားဖို့ ရာခိုင်နှုန်း ၁၀၀ ပဲလို့ ပြောလာတဲ့ ပြင်သစ်လက်ရွေးစင် လူးကပ်စ်ဟာနန်ဒက်ဇ်

Goal Goal > August 10, 2019

ဘိုင်ယန်မြူးနစ်အသင်းက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကစားသမားက ပြင်သစ်လက်ရွေးစင် လူးကပ်စ်ဟာနန်ဒက်ဇ် ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ  ဟာနန်ဒက်ဇ်ကို အက်သလက်တီကိုအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ ပေးကာခေါ်ယူခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ဟာ အက်သလက်တီကိုအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား ပိုင်ဆိုင်ခဲ့သူပါ။ ဘိုင်ယန်နဲ့ အက်သလက်တီကိုဟာ ဟာနန်ဒက်ဇ် အပြောင်းအရွှေ့အတွက် ၂၀၁၈ မတ်လက သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ဒူးဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရာသီကြိုပွဲတွေ လွဲချော်ခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ဟာ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်၊ ဖီနာဘာချီ၊ စပါးနဲ့ ဒေါ့မွန်ပွဲတွေကို လွဲခဲ့ရပါတယ်။ ဒါပေမဲ့ ဟာနန်ဒက်ဇ်ဟာ မကြာခင်က အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် အသင်းငယ် ရော့တက်အီဂီရန်နဲ့ ကစားခဲ့ပြီး ၂၃ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကစားသမားတွေ ခြေစွမ်းပြ ကစားခဲ့ကြပြီး ဂိုးလှိုင်လှိုင် သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်ဟာ အဲဒီပွဲမှာတော့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်မရခဲ့ပေမယ့် ဒုတိယပိုင်းမှာ လူစားဝင် ကစားသမားအဖြစ် ကစားခွင့်ရခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ဟာ အသင်းနဲ့ဟန်ချက်ညီစွာ ကစားပေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဖန်တွေက ဟာနန်ဒက်ဇ်ကို အများကြီး မျှော်လင့်ထားပါတယ်။ ဟာနန်ဒက်ဇ်ကလည်း ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြကစားပေးဖို့ ကြုံးဝါးထားပါတယ်။

ဟာနန်ဒက်ဇ်က ” ကျွန်တော် ဘာမှမဖြစ်တော့ပါဘူး။  ၁၀၀ရာခိုင်နူန်းပြည့် ကြံ့ခိုင်မှုရနေပါတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကလည်း ကောင်းနေပါတယ်။ ကျွန်တော် အသင်းအတွက် ကစားပေးဖို့ ရာခိုင်နှုန်းပြည့် အနေအထား ဖြစ်နေပါတယ်။ အသင်းအတွက် ပထမဆုံး ပွဲထွက် ကစားပေးချင်နေပါပြီ။ ပထမဆုံး ပွဲထွက်ကစားခွင့်ရမယ်လို့လည်း ယုံကြည်ပါတယ် ” လို့ပြောပါတယ်။ ဟာနန်ဒက်ဇ်ဟာ ကော့စ်ဘတ်နဲ့ ကစားရမယ့် ပိုကယ်ဖလားပထမအဆင့်မှာ ပွဲထွက်ကစားဖို့ အခြေအနေများနေပါတယ်။၂၃ နှစ်အရွယ် ဟာနန်ဒက်ဇ်က ” ကျွန်တော်က အားလုံးကို အောင်နိုင်ချင်ပါတယ်။ ကျွန်တော် အနိုင်လိုချင်ပါတယ်။ အစွမ်းကုန် ပေးဆပ်ကစားမှာပါ။ ကျွန်တော် ဒီကိုလာတာက ဆုဖလားတွေ ယူဖို့ပါ။ ဒီနှစ်မှာ ဆုဖလားတွေ ရနိုင်မှာပါ ” လို့ ပြောပါတယ်။