bundesliga

ဂျာမနီကို ပြန်ရောက်လို့ သိပ်ပျော်ကြောင်း ဘိုင်ယန်ကို ရောက်ခဲ့တဲ့ ပါရီဆစ် ဖွင့်ပြော

Goal Goal > August 13, 2019

ဂျာမန်အင်အားကြီး ဘိုင်ယန်မြူးနစ်ဟာ ခန့်မှန်းသတင်းတွေအတိုင်း အင်တာမီလန်က ခရိုအေးရှား တောင်ပံကစားသမား ပါရီဆစ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် ၃၀ အရွယ် ပါရီဆစ်ဟာ အတွေ့အကြုံများတဲ့ ကစားသမားတစ်ဦးဖြစ်ကာ သူ့ကိုခေါ်ယူဖို့ ဥရောပအသင်းကြီးတွေ စိတ်ဝင်စားခဲ့ဖူးပါတယ်။ ပါရီဆစ်ဟာ၂၀၁၅ ခုနှစ်က ဝုလ်ဘတ်အသင်းကနေ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ပါရီဆစ်ဟာ အင်တာမီလန်ကွင်းလယ်မှာ အဓိကကစားသမားတစ်ဦးအဖြစ် ကစားခဲ့သူ ဖြစ်ပါတယ်။ သူဟာ အင်တာမီလန်မှာ ကစားခဲ့တဲ့ ၄ ရာသီအတွင်း ပုံမှန်ပွဲထွက်ခွင့်ရခဲ့သူပါ။ ပါရီဆစ်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီက အင်တာမီလန်အသင်းအတွက် စီးရီးအေ ၃၄ ပွဲ ကစားကာ ၈ ဂိုး သွင်းပေးခဲ့ပါတယ်။

သူဟာ အင်တာမီလန် ကစားသမားဘဝ စီးရီးအေ ၁၄၁ ပွဲကစားခဲ့ရာမှာ ၃၇ ဂိုးသွင်းယူကာ ပြိုင်ပွဲစုံ ၁၆၃ ပွဲမှာ ဂိုး ၄၀ သွင်းပေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ တောင်ပံကစားသမားတွေဖြစ်တဲ့ ရီဘာရီနဲ့ ရော်ဘင်တို့ အသင်းက ထွက်ခွာသွားတာကြောင့် တောင်ပံကစားသမား ရှာဖွေနေခဲ့ပါတယ်။ ဘိုင်ယန်ဟာ ကစားအားကောင်းသေးတဲ့ ပါရီဆစ်ကို အငှားခေါ်ယူနိုင်ခဲ့တာပါ။ ဘိုင်ယန်ဟာ အင်တာမီလန်နဲ့ သဘောတူညီမှုအရ အငှားစာချုပ်ပြည့်ရင် ပါရီဆစ်ကို အပြီးသတ် ခေါ်ယူခွင့်ရမှာပါ။ ပါရီဆစ်ဟာ ဂျာမန်မြေနဲ့ မစိမ်းဘဲ ဒေါ့မွန်၊ ဝုလ်ဘတ် အစရှိတဲ့ အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပါတယ်။ သူဟာ၂၀၁၁ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ဒေါ့မွန်မှာ ၂ ရာသီကြာ ကစားကာ ၁၂ ဂိုးသွင်းပေးခဲ့ပါတယ်။ ပါရီဆစ်ဟာ ဒေါ့မွန်ကနေ ဝုလ်ဘတ်ကို ပြောင်းရွှေ့ကစားခဲ့ရာမှာ ခြေစွမ်းကောင်း ပြသနိုင်ခဲ့ပါတယ်။ ပါရီဆစ်ဟာ ဝုလ်ဘတ်အသင်းအတွက် ၄ ရာသီအတွင်း ၈၈ ပွဲ ကစားခဲ့ရာမှာ ၂၁ ဂိုး သွင်းပေးခဲ့တာပါ။

အခုဆိုရင် ပါရီဆစ်ဟာ သူကျင်လည်ခဲ့တဲ့ ဂျာမန်မြေကို ပြန်ရောက်လာခဲ့ပါတယ်။ ဂျာမန်မြေကို ပြန်ရောက်ခဲ့လို့ ပါရီဆစ်တစ်ယောက် ပျော်နေပါတယ်။ ပါရီဆစ်က ” ဂျာမနီကို ပြန်ရောက်ခဲ့လို့ ကျွန်တော် သိပ်ပျော်နေပါတယ်။ ဘိုင်ယန်ဟာ ဥရောပအင်အားကြီး အသင်းတွေထဲမှာ တစ်သင်း အပါအဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်မယ်။ ဘွန်ဒက်စ်လီဂါနဲ့ ပိုကယ်ဖလားတင် မကပါဘူး။ ချန်ပီယံလိဂ်လည်း ပါတယ် ” လို့ ဆိုပါတယ်။ ဘိုင်ယန်အသင်း အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစိက ပါရီဆစ်ဟာ နည်းစနစ်ကောင်းကြောင်း တိုက်စစ်မှာ လိုက်လျောညီထွေ ကစားနိုင်ကြောင်း ဆိုပါတယ်။ ပါရီဆစ်ဟာ ဘိုင်ယန်မှာ နေရာရဖို့ ဂါနာဘီ ကိုမန်းတို့နဲ့ ပြိုင်ဆိုင်ရမှာပါ။