bundesliga

ဘိုင်ယန်မှာ သူ အမှန်အကန် ပိုကောင်းလာမှာဖြစ်ကြောင်း ပြောကြားလိုက်တဲ့ ကော်တင်ညို

Goal Goal > September 1, 2019

ဘရာဇီးကစားသမား ကော်တင်ညိုက ဘိုင်ယန်မြူးနစ်မှာ ပါဝင်ကစားရင်း သူအမှန်အကန် ပိုကောင်းလာမှာဖြစ်ကြောင်း ပရိသတ်တွေကို ပြောကြားလိုက်ပါတယ်။ ကော်တင်ညိုဟာ လီဗာပူးမှာခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့တယ်။ အကောင်းဆုံးခြေစွမ်းပြကစားနိုင်တဲ့ ကော်တင်ညိုဟာ လီဗာပူးကနေ ဘာစီလိုနာအသင်းကို ရောက်ခဲ့ပါတယ်။ ကော်တင်ညိုဟာ ဘာစီလိုနာအသင်းမှာတော့ ပုံမှန်ခြေစွမ်းမပြနိုင်ဘဲ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပါတယ်။ ကော်တင်ညိုရဲ့ ဘာစီလိုနာကစားသမားဘဝဟာ ထင်ထားသလိုအောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ကော်တင်ညိုဟာ ပရီးမီးယားလိဂ်ကို ပြန်ရောက်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် မန်ယူနဲ့ လီဗာပူးတို့ဟာ ခေါ်ယူခြင်းမရှိခဲ့ပါဘူး။ နောက်ဆုံးတော့ ကော်တင်ညိုဟာ ခန့်မှန်းသတင်းတွေအတိုင်း ဘိုင်ယန်မြူးနစ်ကို အငှားစာချုပ်တစ်ရပ်နဲ့ပြောင်းရွှေ့ကာ အခုဆိုရင် ဘွန်ဒက်စ်လီဂါပွဲတွေ ကစားပေးနေပြီဖြစ်ပါတယ်။ကော်တင်ညိုအတွက် ဘွန်ဒက်စ်လီဂါရပ်ဝန်းဟာ အစိမ်းသက်သက်ဖြစ်ပေမယ့် ကော်တင်ညိုဟာ ဘိုင်ယန်မြူးနစ်မှာ အံဝင်ခွင်ကျကစားပေးနေပါတယ်။ ဘိုင်ယန်နည်းပြကိုဗက်ဟာ မိန့်ဇ်ကို အနိုင်ရခဲ့တဲ့ပွဲမှာတော့ ကော်တင်ညိုကို ပထမဆုံးအကြိမ် ပွဲထုတ်အသုံးပြုခဲ့ပါတယ်။ ကော်တင်ညိုဟာ မိန့်ဖ်ပွဲမှာ ကစားဖော်တွေနဲ့ အချိတ်ဆက်ဆက်မိမိကစားနိုင်တာကို တွေ့ရပါတယ်။ ပထမဆုံးဘွန်ဒက်စ်လီဂါ ပွဲထွက်ခွင့်ရပြီးနောက် ကော်တင်ညိုက သူ့ခြေစွမ်းပိုကောင်းလာမယ်လို့ ယုံကြည်နေပါတယ်။ကော်တင်ညိုက ´ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားသမားကောင်းတွေ အများကြီးရှိနေပါတယ်။ ဂရိတ်ပလေယာတွေလည်းရှိတယ်။ ကျွန်တော် ဒီကိုရောက်လာလို့ပျော်ပါတယ်။ ကစားသမားကောင်းတွေဆီက သင်စရာတွေလည်းရှိတယ်။ ကျွန်တော် ဒီမှာကစားရင်း ခြေစွမ်းပိုတောင်ကောင်းလာမှာပါ` လို့ ပြောကြားခဲ့ပါတယ်။ သူဟာ ရှော်လ်ကေးပွဲမှာ စတင်ကစားပြီးနောက် မိန့်ဇ်ပွဲမှာ ပထမဆုံးပွဲထွက်ကစားခွင့်ရတာပါ။