bundesliga

ဒီရာသီမှာ လီဝမ်ဒေါ့စကီး ဘွန်ဒက်စ်လီဂါ ဂိုး ၃၀ ကျော် အသာလေးသွင်းနိုင်မယ်လို့ ကစားဖော် ထောက်ခံပြော

Goal Goal > September 18, 2019

ဂျာမန်ဘီလူး ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်ကို အကောင်းဆုံးဦးဆောင်ကစားနေတဲ့သူက ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဖြစ်ပါတယ်။ ၃၁ နှစ်အရွယ် တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ ဒေါ့မွန်မှာလည်း ကစားခဲ့ဖူးပြီး ဂိုးသွင်းအင်မတန်ပါးနပ်တဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။ လီဝမ်ဒေါ့စကီးဟာ ဘွန်ဒက်စ်လီဂါမှာ ကာလရှည်ကြာစွာ ကစားနေသူပါ။ သူနဲ့ပတ်သတ်တဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ပိုလန်တိုက်စစ်မှူးဟာ အသင်းမပြောင်းဘဲ ဘိုင်ယန်မြူးနစ်အသင်းမှာသာ စွဲစွဲမြဲမြဲ ကစားနေပါတယ်။ လီဝမ်ဒေါ့စကီးဟာ ဒီရာသီမှာလည်း အသင်းအတွက် ခြေစွမ်းပြကာ ဂိုးတွေသွင်းပေးနေပါတယ်။ သူဟာ ဒီရာသီဘွန်ဒက်စ်လီဂါ ၄ ပွဲ ကစားပြီးချိန်မှာ ၇ ဂိုးအထိသွင်းကာ ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ လီဝမ်ဒေါ့စကီးဟာ ၂၀၁၀ ပြည့်နှစ်က ဘွန်ဒက်စ်လီဂါကို စရောက်ပြီးကတည်းက ဂိုးတွေ တစ်ဒိုင်းဒိုင်း သွင်းနေတာဖြစ်ပါတယ်။လီဝမ်ဒေါ့စကီးဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး နိုင်ငံခြားသားကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကစားသမားဘဝတစ်လျှောက် ဘွန်ဒက်စ်လီဂါမှာ ဂိုးအများဆုံးအဖြစ် ဂိုး ၃၀ သွင်းထားနိုင်ပါတယ်။ သူဟာ လိဂ်သွင်းဂိုး ၃၀ ကျော်အောင်တော့ မသွင်းနိုင်သေးပါဘူး။ ဘိုင်ယန်မြူးနစ်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဆူလေက ပိုလန်တိုက်စစ်မှူးဟာ ဒီရာသီမှာတော့ လိဂ် ဂိုး ၃၀ ကျော်မယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ဆူလေက´သူ့အနေနဲ့ အခု ခြေစွမ်းပြနေသလိုမျိုး ဆက်သွားတာကိုပဲ ကျွန်တော်သဘောကျပါတယ်။ သူဟာ အကောင်းဆုံးခြေစွမ်းပိုင်ဆိုင်ထားပြီး ပုံစံကောင်းရနေပါတယ်။ သူဟာ ဒီရာသီမှာလည်း အောင်မြင်ဦးမှာပါ။ သူ ဘယ်လောက်ဂိုးသွင်းပြမလဲဆိုတာ ကျွန်တော် အတိအကျမပြောချင်ဘူး။ ဒါပေမဲ့ လက်ရှိ ဂိုးသွင်းနှုန်းနဲ့သာဆိုရင် သူဟာ ဂိုး ၃၀ ကျော်အသာလေးပါ`လို့ဆိုပါတယ်။ လီဝမ်ဒေါ့စကီးဟာ ၂၀၁၅-၁၆ ၂၀၁၆-၁၇ က လိဂ်ဂိုး ၃၀ သွင်းနိုင်သူပါ။ သူဟာ မနှစ်က လိဂ်ဂိုး ၂၂ ဂိုးသွင်းခဲ့ပါတယ်။