bundesliga

မန်ယူတွေ ဘာတွေမသိဘူး ဒေါ့မွန်ပဲလို့ပြောလာတဲ့ ဆန်ချို

Goal Goal > September 18, 2019

ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုက အနာဂတ်နဲ့ပတ်သတ်ပြီး ပြောဆိုခဲ့ရာမှာ သူ့ကိုခေါ်ဖို့စိတ်ဝင်စားသူ မန်ယူအသင်းအတွက် မျှော်လင့်ချက်မဲ့ချင်စရာ ဖြစ်လာခဲ့ပါတယ်။အသက် ၁၉ နှစ်သာရှိသေးတဲ့ ဆန်ချိုဟာ အနာဂတ်အလားအလာရှိတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ ဆန်ချိုဟာ ၂၀၁၇ ခုနှစ်က မန်စီးတီးအသင်းကနေ ဒေါ့မွန်ကို ပြောင်းလာခဲ့ပါတယ်။ ဆန်ချိုဟာ ဒေါ့မွန်ရောက်မှ ခြေစွမ်းတစ်ဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ သူဟာ ဂိုးသွင်းနှုန်းလည်း ကောင်းလာတဲ့အပြင် ကစားဖော်တွေအတွက်လည်း ဖန်တီးမှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဆန်ချိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့ဈေးကွက်အတွင်း ဒေါ့မွန်အသင်းထံ ဆက်သွယ်ခဲ့ပါသေးတယ်။

ဒေါ့မွန်အသင်းကတော့ အဓိက ကစားသမား ဆန်ချိုကို ရောင်းချဖို့ အစီအစဉ်လုံးဝမရှိပါဘူး။ ခြေစွမ်းကောင်းပိုင်ဆိုင်ထားတဲ့ ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးကလည်း မြင့်တက်နေပါတယ်။ ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ဘာစီလိုနာနဲ့ ကစားခဲ့ရာမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဘာစီလိုနာပွဲအပြီး ဆန်ချိုက အနာဂတ်နဲ့ပတ်သတ်လို့ ဖွင့်ဟပြောကြားလာတာဖြစ်ပါတယ်။ဆန်ချိုက ´အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ အတိအကျ မပြောနိုင်ပါဘူး။ တစ်ပွဲချင်းစီကိုသာ အာရုံစိုက်ထားပါတယ်။ ဒေါ့မွန်အသင်းအတွက် ၁၀၀ ရာခိုင်နှုန်းပြည့် ပေးဆပ်ကစားချင်ပါတယ်။ အသင်းအတွက် ခြေစွမ်းလည်းပြချင်တယ်။ ဒေါ့မွန်မှာကစားရင်း အောင်မြင်မှုတွေအများကြီးလိုချင်တယ်` လို့ပြောပါတယ်။ ဆန်ချိုဟာ မနှစ်က ဒေါ့မွန်အသင်းအတွက် ၁၂ ဂိုးသွင်းယူကာ ကစားဖော်တွေအတွက် ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ထားပါတယ်။ သူဟာ ဒီနှစ်မှာလည်း ခြေစွမ်းပြကာ ၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ထားပါတယ်။