bundesliga

စိတ်ထားပြည့်သူ လီဝမ်ဒေါ့စကီး အထာထားလို့ ဘိုင်ယန်ကစားသမားဘဝ ပထမဆုံးဂိုးရသွားတဲ့ ကော်တင်ညို

Goal Goal > September 22, 2019

ဘိုင်ယန်မြူးနစ်ဟာ စက်တင်ဘာ ၂၁ ရက်က အိမ်ကွင်းမှာ ကိုလုံးကို ၄ ဂိုးပြတ်အနိုင်ရပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ကိုလုံးတို့ပွဲကို ပရိသတ် ၇ သောင်းခွဲလာရောက်အားပေးခဲ့ပြီး ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီး ခြေစွမ်းပြကာ ၂ ဂိုးသွင်းပေးခဲ့ပါတယ်။ ဒီရာသီမှာလည်း ခြေစွမ်းပြကစားနေတဲ့ လီဝမ်ဒေါ့စကီးဟာ ပွဲချိန် ၃ မိနစ်မှာတင် ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ သူဟာ ပွဲချိန် ၄၈ မိနစ်မှာ ဒုတိယဂိုး သွင်းပေးခဲ့ပါတယ်။ ပွဲချိန် ၅၉ မိနစ်မှာ ကိုလုံးဘက်က ကစားသမားတစ်ယောက် ထုတ်ပယ်ခံရပြီး ၆၂ မိနစ်မှာတော့ ဘိုင်ယန်ဟာ ပင်နယ်တီရခဲ့ပါတယ်။ လီဝမ်ဒေါ့စကီးဟာ သူ့အတွက် ဟက်ထရစ် ရစေနိုင်မယ့် ဂိုးအခွင့်အရေး ပိုင်ဆိုင်ခဲ့ပေမယ့် သူကိုယ်တိုင်မကန်ဘဲ ဘရာဇီးသား ကော်တင်ညိုကို ပေးကန်ခိုင်းခဲ့ပါတယ်။ ကော်တင်ညိုဟာ ပင်နယ်တီကို အမှားအယွင်းမရှိ သွင်းပေးခဲ့ပါတယ်။ ဘိုင်ယန်အတွက် အပိတ်ဂိုးကို ပါရီဆစ်က ပွဲချိန် ၇၃ မိနစ်မှာ သွင်းပေးခဲ့တာကြောင့် ၄ ဂိုးပြတ်နိုင်ခဲ့တာပါ။ဘာစီလိုနာကနေ အငှားရောက်လာတဲ့ ကော်တင်ညိုဟာ ပွဲချိန်ပြည့် ပါဝင်ကစားပြီး ပါရီဆစ် ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးပေးခဲ့ပါတယ်။ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ကော်တင်ညိုတစ်ယောက် တော်တော်လေးပျော်နေပါတယ်။ ကော်တင်ညိုက ´လီဝမ်ရေ ငါ့ကိုပင်နယ်တီ ပေးကန်ပါလားလို့ သူ့ကို ကျွန်တော် ပြောခဲ့ပါတယ်။ တကယ်ဆိုရင် သူဟာ တတိယဂိုးသွင်းဖို့ အခွင့်အရေး ရှိပါတယ်။ သူ့အတွက် ဟက်ထရစ်ပေါ့။ ဒါပေမယ့် လီဝမ်ဒေါ့စကီးဟာ ကျွန်တော် ပထမဆုံးဂိုးသွင်းနိုင်ဖို့အတွက် သူမကန်ဘဲ ကျွန်တော့်ကို ပေးကန်ခိုင်းတယ်။ သူ့ကိုကျေးဇူးတင်တယ်လို့ ပြောပြီးသားပါ`လို့ဆိုခဲ့ပါတယ်။ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ ၅ ပွဲကစားထားရာမှာ ၉ ဂိုးသွင်းထားပါတယ်။ သူဟာ ၁၉၆၇-၆၈ ရာသီက ပီတာမေရာရဲ့ ဘွန်ဒက်စ်လီဂါ ရာသီအစ ၅ ပွဲဆက် ဂိုးသွင်းနိုင်တဲ့စံချိန်ကိုလည်း လိုက်မီခဲ့ပါတယ်။