bundesliga

၅၆ မိနစ်မှ လူစားဝင်ပြီး ဟက်ထရစ်သွင်းလိုက်တဲ့ ဟာလန်း

Goal Goal > January 19, 2020

ဒေါ့မွန်တိုက်စစ်မှူးသစ်ဟာလန်းဟာ အသင်းအတွက် ပွဲဦးထွက်မှာပဲ အထူးခြေစွမ်းပြဂိုးတွေသွင်းယူသွားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီ ရက်ဘူးဆဲဘတ်အသင်းမှာ အထူးခြေစွမ်းပြဂိုးသွင်းခဲ့သူဟာလန်းကို ဥရောပအသင်းကြီးတွေက အပြိုင်ချိတ်ဆက်ခဲ့ကြပေမယ့် ဒေါ့မွန်အသင်းက အားလုံးထက်လက်ဦးမှုရယူပြီး အလျင်အမြန်ခေါ်ယူစာချုပ်နိုင်ခဲ့တာပါ။ ဒေါ့မွန်နဲ့အော့စ်ဘတ်တို့ရဲ့ပွဲမှာတော့ ပွဲချိန် ၅၅ မိနစ်အထိ ဒေါ့မွန်က ၃ – ၁ နဲ့ရှုံးနေခဲ့ပါတယ်။ ပွဲချိန် ၃၄ မိနစ်နဲ့ ၄၆ မိနစ်တွေမှာ အော့စ်ဘတ်က ဦးဆောင်ဂိုးတွေသွင်းယူခဲ့ပြီး ၄၉ မိနစ်မှာ ဘရန့်က ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပေမယ့် ပွဲချိန် ၅၅ မိနစ်မှာတော့ အော့စ်ဘတ်က နောက်တစ်ဂိုးထပ်သွင်းသွားခဲ့တာကြောင့် ၃ – ၁ ဖြစ်နေခဲ့တာပါ။အဲဒီနောက် ပွဲချိန် ၅၆ မိနစ်မှာ ဒေါ့မွန်အသင်းဟာ နောက်ခံလူပစ်ဇက်နေရာမှာ တိုက်စစ်မှူးသစ်ဟာလန်းကို ထည့်ကစားခဲ့ပါတယ်။ ဒါဟာ ဟာလန်းရဲ့ ဒေါ့မွန်ကစားသမားဘဝ ပထမဆုံးပွဲစဉ်လည်း ဖြစ်လာခဲ့ပါတယ်။ ဟာလန်းဟာ လူစားဝင်ရောက်လာခဲ့ပြီး ၃ မိနစ်အကြာမှာပဲ ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့သလို ပွဲချိန်မိနစ်ရဝနဲ့ ၇၉ မိနစ်တွေမှာ ဂိုးတွေဆက်တိုက်သွင်းယူပေးခဲ့ပါတယ်။ လူစားဝင်လာပြီး မိနစ် ၂၀ အတွင်း ဟက်ထရစ်ရခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ ပွဲချိန် ၆၁ မိနစ်မှာလည်း ဆန်ချိုက တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒေါ့မွန်အသင်းက ၃ – ၅ နဲ့ ဂိုးပြတ်နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ဆဲဘတ်အသင်းအတွက် ၂၂ ပွဲမှာ ၂၈ ဂိုးသွင်းယူထားခဲ့သူဟာလန်းဟာ ဂိုးတွေသွင်းဖို့ မွေးဖွားလာသူတစ်ယောက်ပါပဲ။ ဒီပွဲမှာ သူ့ရဲ့သွင်းဂိုးတွေကပဲ ဒေါ့မွန်ကို အရှုံးကနေ အနိုင်ရလဒ်ကို ပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲပါဝင်ကစားခဲ့ရာမှာတော့ သွင်းဂိုး ၃၈ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင်၃၁ဂိုးသွင်းယူပြီး အသင်းဖော်တွေကို ၇ ဂိုးဖန်တီးပေးခဲ့တာပါ။ဟာလန်းအနေနဲ့ ဆဲဘတ်အသင်းမှာ ခြေစွမ်းပြကစားနေခဲ့တာမှန်ပေမယ့် ဘွန်ဒက်စ်လီဂါမှာ ဒီလိုဂိုးသွင်းနှုန်းမျိုးရနိုင်ပါ့မလား တချို့က သံသယဝင်နေခဲ့တာပါ။ အဆိုပါသံသယတွေကို ဟာလန်းက လူစားဝင်ကစားပြီး မိနစ် ၂၀ အတွင်း ဟက်ထရစ်သွင်းပြကာ ချေဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဟာလန်းအနေနဲ့ ဒေါ့မွန်အသင်းမှာ ဘယ်လောက်ထိတောက်ပလာဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေခဲ့ပြီဖြစ်ပါတယ်။