bundesliga

လူစားဝင်ပြီး ဂိုးသွင်းခဲ့ပြန်တဲ့ ဟာလန်း

Goal Goal > February 5, 2020

ဒေါ့မွန်အသင်းအတွက် ၄ ပွဲပါဝင်ကစားပြီးချိန်မှာပဲ ဟာလန်းဟာ သွင်းဂိုး ၈ ဂိုးရယူထားခဲ့ပြီဖြစ်ပါတယ်။ အဲဒီ ၄ ပွဲမှာ သူဟာ တစ်ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ကျန် ၃ ပွဲမှာတော့ လူစားဝင်ကစားခဲ့ရတာပါ။ ဒီရာသီ ရက်ဘူးဆဲဘတ်အသင်းမှာ ခြေစွမ်းပြကစားခဲ့ပြီးနောက် ဒေါ့မွန်ကိုရောက်လာခဲ့သူဟာလန်းဟာ ဘွန်ဒက်စ်လီဂါမှာရော သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကို ဆက်ထိန်းထားနိုင်ပါ့မလားလို့ တချို့က သံသယဖြစ်ခဲ့ကြပါတယ်။ဒါပေမယ့်လည်း ဟာလန်းဟာ အချိန်တိုအတွင်းမှာပဲ အထိုင်ကျသွားခဲ့ပြီး ပွဲကစားချိန်မိနစ်အနည်းငယ်အတွင်းမှာပဲ ၈ ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ၃ပွဲမှာ လူစားလဲခံခဲ့ရသလို ကျန်တစ်ပွဲမှာတော့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။ ဒါကြောင့် ဟာလန်းဟာ တစ်ပွဲမှ မိနစ် ၉၀ ပြည့်မကစားရသေးဘဲ ၄ ပွဲ ၈ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဂိုးတွေရမယ့်သာရနေပေမယ့် သူ့အနေနဲ့ ကြံ့ခိုင်မှုမပြည့်ဝသေးဘူးလို့ ဟာလန်းက ဝန်ခံပြောကြားထားတာကြောင့် အခုလို ပွဲကစားချိန်မိနစ်နည်းပါးနေခြင်းလည်း ဖြစ်ဖွယ်ရှိပါတယ်။ဒါပေမယ့် ဟာလန်းဟာ ဘွန်ဒက်စ်လီဂါကလပ်အသင်းတစ်သင်းအတွက် ပွဲဦးထွက် ၄ ပွဲမှာ ၈ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမားတစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဝါဒါဘရီမင်နဲ့ ဂျာမန်ရှုံးထွက်ဖလားပွဲမှာတော့ ဒေါ့မွန်အသင်းဟာ ပထမပိုင်းမှာ ၂-၀ နဲ့ရှုံးနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဟာလန်းဝင်ကစားခဲ့ပါတယ်။ အဲဒီနောက်မှာ ဟာလန်းဟာ ၂-၁ ဖြစ်စေမယ့်ဂိုးကိုသွင်းယူပေးခဲ့ပေမယ့်လည်း သိပ်မကြာခင်မှာ ဝါဒါဘရီမင်က နောက်တစ်ဂိုးထပ်သွင်းခဲ့ပါတယ်။ပွဲချိန် ၇၈ မိနစ်မှာ ရေနာက ဒေါ့မွန်အတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းပေးခဲ့ပေမယ့်လည်း နောက်ထပ်ဂိုးတွေထပ်မံရရှိခြင်းမရှိတော့တဲ့အတွက် ၃-၂ နဲ့ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်အသင်း ရှုံးနိမ့်ခဲ့ပေမယ့် တိုက်စစ်မှူးလေးဟာလန်းကတော့ စံချိန်မှတ်တမ်းသစ်တွေ ဆက်လက်ရယူနေဆဲဖြစ်ပါတယ်။ သူ့အနေနဲ့ ဒေါ့မွန်အသင်းကို အောင်မြင်မှုတွေရရှိအောင် သွင်းဂိုးတွေနဲ့ စွမ်းဆောင်ပေးနိုင်မလားဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။