bundesliga

ဟာလန်း ကောင်းတယ်ဆိုပြီး စွတ်ဆက်သုံးနေလို့မရဘူးလို့ ဖာဗရီ သတိပေး

Goal Goal > February 7, 2020

ဒေါ့မွန်အတွက် ပွဲဦးထွက် ၄ ပွဲမှာ ၃ ပွဲ လူစားဝင်ကစားပြီး ၈ဂိုးသွင်းယူထားခဲ့ပေမယ့် ဟာလန်းအနေနဲ့ ပုံမှန်နေရာရဖို့ အချိန်ယူရမယ်လို့ နည်းပြဖာဗရီက ပြောကြားခဲ့ပါတယ်။ ဒေါ့မွန်အတွက် ၄ ပွဲမှာ တစ်ပွဲသာ ပွဲအစကတည်းက ပါဝင်ခွင့်ရပြီး ကျန် ၃ ပွဲမှာ လူစားလဲခံခဲ့ရသူ ဟာလန်းဟာ အဲဒီ ၄ ပွဲမှာ စုစုပေါင်း ၈ ဂိုး သွင်းထားပေမယ့်လည်း သူ့ရဲ့ကြံ့ခိုင်မှုက အကောင်းဆုံးအနေအထားမှာ မရှိသေးကြောင်း သိရပါတယ်။ ကာယကံရှင် ဟာလန်းကိုယ်တိုင်က ဒီအချက်ကို ဝန်ခံခဲ့သလို နည်းပြဖာဗရီကလည်း ဒီအချက်ကို ထောက်ပြသွားခဲ့ပါတယ်။
“ဟာလန်းကို ပွဲထွက်ခွင့်ပေးဖို့ အားလုံးက တောင်းဆိုနေကြပါတယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာတစ်ခုက ဟာလန်းရဲ့ကြံ့ခိုင်မှုအခြေအနေကို အသိဆုံးလူဟာ ကျွန်တော်ပဲ ဖြစ်တယ်ဆိုတာပါပဲ။ သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေကို ကျွန်တော့်ထက်ပိုပြီး ဘယ်သူမှ သိနိုင်လိမ့်မယ် မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ သူ့ကို ချင့်ချိန်ပြီး ပွဲကစားခွင့်ပေးနေရပါတယ်။ အခုဆိုရင် သူဟာ အသင်းအတွက် ဂိုးတွေ တောက်လျှောက် သွင်းယူပေးနေပါတယ်။ အဲဒီအတွက် ကျွန်တော် ကျေနပ်ရပါတယ်။
ပြီးတော့ ပွဲတိုင်း ထည့်သုံးချင်ပါတယ်။ ဒါပေမဲ့ သူဟာ အခုမှ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူ့ရဲ့ကြံ့ခိုင်မှုကို အထူးဂရုစိုက်ဖို့လိုပါတယ်။ ခြေစွမ်းပြနေတယ်ဆိုပြီး အတင်းထည့်သုံးရင်းနဲ့ ဒဏ်ရာတွေ ဘာတွေရသွားရင် ဒါဟာ သူ့အတွက်ရော၊ အသင်းအတွက်ရော မကောင်းပါဘူး”လို့ ဖာဗရီက သုံးသပ်သွားခဲ့ပါတယ်။
လက်ရှိမှာတော့ ဒေါ့မွန်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက ဘိုင်ယန်မြူးနစ်နဲ့ ၃ မှတ်အကွာ အဆင့်သုံးနေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။