bundesliga

ဒီရာသီအကုန်မှာ မန်ယူပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ ဆန်ချို

Goal Goal > February 13, 2020

ဒေါ့မွန်လူငယ်ကြယ်ပွင့် ဂျာဒွန်ဆန်ချိုဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းကထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလန်လူငယ်ကစားသမားလေးဆန်ချိုဟာ ပြီးခဲ့တဲ့နှစ်နှစ်လောက်အတွင်း ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်အဖြစ် တက်လှမ်းရောက်ရှိလာခဲ့ပါတယ်။ မန်စီးတီးလူငယ်ကစားသမားဟောင်း ဆန်ချိုဟာ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်လာကစားဖို့ စိတ်အားထက်သန်လျက်ရှိနေပြီး သူ့ကိုခေါ်ယူနိုင်ဖို့ မန်ယူအသင်းက ထိပ်ဆုံးက ရေပန်းစားနေခဲ့ပါတယ်။ဆန်ချိုဟာ ဒီရာသီအကုန်မှာ မန်ယူပြောင်းဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း Mirror က ဖော်ပြသွားခဲ့ပါတယ်။ ဒေါ့မွန်အတွက် အထူးခြေစွမ်းပြကစားနေခဲ့သူဆန်ချိုကို ဥရောပအသင်းကြီးအတော်များများက စောင့်ကြည့်နေပြီး အဲဒီထဲမှာ မန်ယူနဲ့ ချယ်လ်ဆီးအပြင် အခုနောက်ဆုံး လီဗာပူးအသင်းလည်း ပါဝင်လာခဲ့ပြီလို့ သတင်းတွေကဆိုပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဇီယာ့ချ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်သလို လီဗာပူးကလည်း ဆာလာ၊ မာနေးတို့ရှိနေတာကြောင့် ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးအများကြီးသုံးဖို့ ဆန္ဒရှိမယ်မထင်ပါဘူး။ ဒါကြောင့် ဒီကစားသမားလေးကိုခေါ်ယူနိုင်ဖို့ မန်ယူအသင်းက အားသာချက်ရှိနေခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၅၀ လောက်ထိ အသုံးပြုသွားဖို့ အသင့်ရှိနေပြီး တစ်ပတ်လုပ်ခပေါင်နှစ်သိန်းထိ ပေးချေသွားဖို့ရှိနေတယ်လို့လည်း သတင်းတွေကဆိုပါတယ်။ဆန်ချိုဟာ ဒီနှစ်ဘောလုံးရာသီ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲပါဝင်ကစားထားပြီး သွင်းဂိုး ၃၂ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၁၅ ဂိုးသွင်းယူပြီး အသင်းဖော်တွေကိုတော့ ၁၇ ဂိုးဖန်တီးပေးထားခဲ့တာပါ။