bundesliga

ဒေါ့မွန်က ကမ္ဘာ့အဆင့်ကစားသမားတွေမဝယ်ပါဘူး၊ အဲ့လိုကစားသမားတွေကို မွေးထုတ်ပေးတာပါ

Goal Goal > February 14, 2020

ရွက်ပုန်းသီးကစားသမားလေးတွေကို မြေတောင်မြှောက်ပေးတဲ့နေရာမှာတော့ ဒေါ့မွန်ဟာ အတော်လေးကို နာမည်ရတဲ့အသင်းတစ်သင်းပဲဖြစ်ပါတယ်။ အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီကိုက စူပါစတားတွေ ဝယ်ဖို့မဟုတ်ဘဲ စူပါစတးတွေ မွေးထုတ်ပေးဖို့ဖြစ်တယ်လို့ လူငယ်စီမံကိန်းဒါရိုက်တာဖြစ်သူ ရစ်ကင်ကဆိုပါတယ်။ ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဂေါ့ဇီ၊ ကာဂါဝါ၊ ဂန်ဒိုဂန်၊ မီခီတာယန်၊ အူဘာမီယန်း၊ ဒမ်ဘီလီနဲ့ အခုနောက်ဆုံးဆန်ချိုတို့အပါအဝင် ကစားသမားကောင်းအတော်များများကို မွေးထုတ်ပေးခဲ့တဲ့အသင်းပဲဖြစ်ပါတယ်။“ကျွန်တော်တို့ရဲ့ စီမံကိန်းကတော့ရှင်းပါတယ်။ ကစားသမားကောင်းတွေဝယ်ဖို့မဟုတ်ပါဘူး။ ကစားသမားကောင်းတွေ မွေးထုတ်ပေးဖို့ပါ။ဥပမာ- ဒမ်ဘီလီနဲ့ အူဘာမီယန်းဟာ ကျွန်တော်တို့ဆီရောက်လာတုန်းက စူပါစတားတွေမဟုတ်ကြပါဘူး။ ဒါပေမယ့် တကယ့်ဒိတ်ဒိတ်ကြဲကစားသမားတွေအဖြစ်နဲ့ ကျွန်တော်တို့ဆီက ထွက်သွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ရည်မှန်းချက်ကလည်း အဲဒါပါပဲ။ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာပဲ ကစားသမားအတော်များများကို စူပါစတားတွေဖြစ်လာအောင် ကျွန်တော်တို့ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါဟာ အသင်းရဲ့ ဂုဏ်ယူဖွယ်ရာအစဉ်အလာတစ်ရပ်ပါပဲ။ ဥရောပမှာ ဒေါ့မွန်ဟာ ကွင်းထဲကို ပရိသတ်လာရောက်ကြည့်ရှုမှုအများဆုံးအသင်းဖြစ်နေတာ အလကားမဟုတ်ပါဘူး။ ဒါဟာ အသင်းပရိသတ်တွေနဲ့ ကစားသမားတွေကြားက သံယောဇဉ်ပဲဖြစ်ပါတယ်”လို့ ရစ်ကင်က ပြောကြားခဲ့ပါတယ်။လက်ရှိဒေါ့မွန်အသင်းမှာတော့ ဆန်ချို(၁၉ နှစ်) ၊ ဟာလန်း (၁၉ နှစ်)၊ ရေနာ (၁၇ နှစ်) တို့အပါအဝင် လူငယ်ခြေတက်ကစားသမားလေးတွေ များစွာရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ကစားသမားလေးတွေ ခြေစွမ်းတက်လာပြီဆိုရင် အသင်းကြီးတွေဆီကို ဈေးကြီးကြီးနဲ့ထုတ်ရောင်းလေ့ရှိတဲ့ ဒေါ့မွန်အသင်းအနေနဲ့ ဒီလူငယ်လေးတွေကိုရော ဘယ်လောက်ကြာအောင်ထိန်းထားနိုင်မလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။