bundesliga

ဟာလန်းကိုခေါ်ဖို့ ဒေါ့မွန်ဆီချဉ်းကပ်လာတဲ့ ရီးယဲလ်မက်ဒရစ်

Goal Goal > February 28, 2020

ဒီရာသီ ရက်ဘူးဆဲဘတ်အသင်းမှာ ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့တဲ့ ဟာလန်းကို ဥရောပကလပ်အသင်းကြီးအတော်များများက မျက်စိကျနေခဲ့ပေမယ့် ဒေါ့မွန်အသင်းက လက်မြန်ခြေမြန်နဲ့ပဲ ခေါ်ယူစာချုပ်လိုက်ပါတယ်။ ဒါဟာ အတော်လေးကို အကျိုးရှိတဲ့ အပြောင်းအရွှေ့တစ်ရပ်လို့ ပြောရမှာဖြစ်ပြီး ဟာလန်းဟာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၈ ပွဲကစားပေးထားရာမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု၁ကြိမ်ရှိထားခဲ့ပါတယ်။ ဒေါ့မွန်အသင်းဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်ကစားသမားလေးဟာလန်းကို ပေါင် ၁၈ သန်းနဲ့သာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အေးဂျင့်ရိုင်အိုလာရဲ့ တောင်းဆိုမှုအရ ဒေါ့မွန်အသင်းဟာ ဟာလန်းအတွက် စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် ၆၃ သန်း သတ်မှတ်ပေးခဲ့ရပါတယ်။ ဥရောပကလပ်အသင်းကြီးတစ်သင်းအနေနဲ့ ဟာလန်းကိုခေါ်ယူလိုတယ်ဆိုရင် ပေါင် ၆၃ သန်းထဲပေးပြီး ခေါ်လို့ရနိုင်မယ့်သဘောပါပဲ။ ဒါဟာ ဒေါ့မွန်အတွက် ထိုးနှက်ချက်တစ်ရပ်သဖွယ်ရှိနေခဲ့ပြီး ဥရောပကလပ်အသင်းကြီးတွေအတွက်တော့ အခွင့်အရေးတစ်ရပ်ပါပဲ။ အခုဆိုရင် ရီးယဲလ်မက်ဒရစ်အသင်းက ဟာလန်းကိုခေါ်ယူဖို့အတွက် ဒေါ့မွန်အသင်းဆီ ချိတ်ဆက်မှုတွေပြုလုပ်လာခဲ့ပြီဖြစ်ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းကိုပြောင်းရွှေ့လာတာ တစ်လကျော်ပဲရှိနေသေးပေမယ့် ရီးယဲလ်အသင်းကတော့ အလျင်အမြန်ကမ်းလှမ်းလိုက်တာလည်းဖြစ်ပါတယ်။ဟာလန်းနဲ့ဒေါ့မွန်တို့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လမှသာ စတင်အသက်ဝင်မှာဖြစ်ပေမယ့် ရီးယဲလ်ကတော့ စာချုပ်ဖျက်သိမ်းကြေးထက် ပိုမိုများပြားတဲ့ ပြောင်းရွှေ့ကြေးကိုပေးချေကာ ဟာလန်းကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာပဲ အရခေါ်ဖို့ ပြင်ဆင်နေတယ်လို့ Marca က ဖော်ပြသွားခဲ့ပါတယ်။ ဟာလန်းဟာ ဒီနှစ်ဘောလုံးရာသီ ရက်ဘူးဆဲဘတ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့အတွက် ပြိုင်ပွဲစုံပွဲ ၃၀ ပါဝင်ကစားပေးထားရာမှာတော့ သွင်းဂိုး ၄၈ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင်ဂိုး ၄၀ သွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၈ ဂိုးဖန်တီးပေးထားခဲ့တာပါ။