bundesliga

ဘိုင်ယန်မြူးနစ် ကစားသမားတွေလည်း လစာလျှော့ယူပေးတော့မယ်

Goal Goal > March 30, 2020

လက်ရှိမှာ ဖြစ်ပွါးနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရချိန်မှာ အားကစားသမားတွေဟာ သူတို့ရဲ့သက်ဆိုင်ရာအသင်းတွေကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေဖို့အတွက် လစာငွေတွေ လျှော့ယူပေးလာကြပြီပဲ ဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကမှ ဂျူဗင်တပ်အသင်းကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ လစာလျှော့ယူဖို့ သဘောတူညီချက်ရရှိခဲ့သလို ဘာစီလိုနာအသင်း ကစားသမားတွေကလည်း လစာလျှော့ယူဖို့ ညှိနှိုင်းနေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှာလည်း အားကစားသမားတွေက လစာလျှော့ယူပေးဖို့ လုပ်ဆောင်လာကြတာပဲ ဖြစ်ပါတယ်။
အခုလက်ရှိနောက်ဆုံးမှာတော့ ဘိုင်ယန်မြူးနစ်အသင်း ကစားသမားတွေဟာ အသင်းကို တစ်ဖက်တစ်လမ်းကနေ အကူအညီဖြစ်စေဖို့အတွက် လစာရဲ့ ၂၀ ရာခိုင်နှုန်း လျှော့ယူသွားကြမယ်လို့ သိရပါတယ်။ လက်ရှိမှာ ဘောလုံးပွဲတွေ ရပ်နားထားရမှုကြောင့် ကလပ်အသင်းတွေဟာ ရုပ်သံလွှင့်ခတွေနဲ့ ရုံဝင်လက်မှတ်ခတွေ စသဖြင့် ဝင်ငွေတွေမရရှိတော့ဘဲ ထွက်ငွေတွေသာ ကျန်နေတော့တာပါ။ ဒါကြောင့် အခြေအနေက ကလပ်အသင်းတွေရဲ့စီးပွါးရေးကို ထိုးကျလာစေပြီး အခုလိုပဲ စီစဉ်လာကြတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းနည်းတူ ဒေါ့မွန်အသင်းရဲ့ကစားသမားတွေကလည်း လစာလျှော့ယူဖို့ ဆွေးနွေးနေကြပြီဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ဘောလုံးပွဲတွေ ပြန်စဖို့က အချိန်အနည်းငယ် လိုအပ်နေဦးမှာဖြစ်ပြီး ကစားသမားတွေအားလုံးကလည်း အိမ်မှာပဲ အချိန်ဖြုန်းနေကြတာပဲ ဖြစ်ပါတယ်။
ဂျာမန်ဘွန်ဒက်စ်လီဂါကတော့ မတ်လ ၈ ရက်နေ့ကတည်းကနေ ရပ်နားထားတာဖြစ်ပြီး ဘယ်အချိန်ပြစမလဲဆိုတာကိုလည်း အသေအချာမသိရသေးတဲ့ အနေအထား ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဗိုင်းရပ်စ်ကူူးစက်မှုက တိုးပွါးနေပြီး ကမ္ဘာ့အနှံ့မှာလည်း အရေးပေါ်အခြေအနေဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒီအခြေအနေကို ကစားသမားတွေကလည်း တတ်နိုင်သမျှ တုံ့ပြန်နေကြတာဖြစ်ပြီး လှုဒါန်းမှုတွေအပါအဝင် နည်းပေါင်းစုံနဲ့ ကူညီထောက်ပံ့နေကြတာပဲ ဖြစ်ပါတယ်။
အခုတော့ ဘိုင်ယန်ကစားသမားတွေကလည်း အသင်းကို ကူညီဖို့ ဆုံးဖြတ်လိုက်ကြပြီး ဒါဟာ ဘိုင်ယန်အသင်းအတွက်တော့ တစ်ဖက်တစ်လမ်းကနေ သေချာပေါက် အကူအညီဖြစ်လာမှာပဲ ဖြစ်ပါတယ်။