bundesliga

ဟာလန်းရဲ့သွင်းဂိုးနဲ့အတူ ဘောလုံးပွဲတွေ ကျွန်တော်တို့ဆီ ပြန်လည်ရောက်ရှိလာ

Goal Goal > May 17, 2020

ကိုဗစ်ကြောင့် ကာလအတန်ကြာရပ်နားခဲ့ရတဲ့ ဘောလုံးပွဲတွေဟာ ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်များနဲ့အတူ ပြန်လည်စတင်လာခဲ့ပါတယ်။ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေဖို့ ကြိုးစားရဆဲဖြစ်တာ၊ လူစုလူဝေးလိုက်အားပေးဖို့ အခက်အခဲရှိနေသေးတာကြောင့် ကွင်းပိတ်ကစားရတာတွေ ရှိနေဆဲဆိုပေမယ့်လည်း ကျွန်တော်တို့ဆီကို ဘောလုံးပွဲတွေကတော့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။
နှစ်လကျော်နားခဲ့ပြီးမှ ပြန်လည်စတင်ရတာဖြစ်သလို အခြေအနေသစ်တွေကြောင့် အစောပိုင်းမှာ ကစားသမားတွေလည်း အနည်းငယ် တုံ့ဆိုင်းဆိုင်းဟန်လေးတွေ ရှိနေပေမယ့် တဖြည်းဖြည်းနဲ့ ပွဲအပေါ်စီးမျောသွားခဲ့ပြီး ပရိသတ်တွေ ရှိမနေတာ၊ အန္တရာယ်တချို့ကြားက ယှဉ်ပြိုင်ကစားနေရတာတွေကို မေ့သွားခဲ့ပုံရပြီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့တာ တွေ့ရပါတယ်။
ဒေါ့မွန်ကတော့ ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန်မှာပဲ ဒါဘီပြိုင်ဘက်ရှော်ကေးကို လေးဂိုးပြတ် အနိုင်ရပြီး ဇယားထိပ်ဆုံးက ဘိုင်ယန်မြူးနစ်ကို ဆက်လက်ဖိအားပေးနေခဲ့ပါတယ်။ ကြယ်ပွင့်ကစားသမားဆန်ချိုကို အရန်ခုံပို့ထားပြီး သော်ဂန်ဟာဇက်၊ ဂျူလီယန်ဘရန့်နဲ့ ဟာလန်းတို့ တိုက်စစ်အတွဲနဲ့ ပွဲထွက်လာတဲ့ ဒေါ့မွန်ဟာ ပွဲအစ ၂၉ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ သော်ဂန်ဟာဇက်ရဲ့ ပေးပို့မှုကနေတစ်ဆင့် အသင်းရဲ့ဂိုးသွင်းစက်အသစ် ဟာလန်းက သွင်းယူပေးခဲ့တာပါ။
အဲဒီနောက် ပထမပိုင်းပြီးခါနီးမှာ ဘရန့်ရဲ့ပေးပို့မှုကနေ နောက်ခံလူဂွာရဲရိုးက ၂-၀ ဖြစ်စေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဒေါ့မွန်ကပဲ ဆက်လက်ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၄၈ မိနစ်မှာ ဘရန့်ရဲ့ပေးပို့မှုကနေ သော်ဂန်ဟာဇက်က တတိယဂိုးကို သွင်းယူပေးခဲ့သလို ပွဲချိန် ၆၄ မိနစ်မှာတော့ ဟာလန်းရဲ့ပေးပို့မှုကနေ နောက်ခံလူဂွာရဲရိုးက ၄-၀ ဖြစ်စေခဲ့ပါတယ်။
ဒီရလဒ်ကြောင့် ဒေါ့မွန်အသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်ထက် တစ်ပွဲ ပိုကစားပြီး တစ်မှတ်အကွာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကနေ ဖိအားပေးလိုက်ပြီ ဖြစ်ပါတယ်။