bundesliga

ငါးရာသီဆက်တိုက် ဂိုး ၄၀ အထက် သွင်းယူနိုင်ခဲ့တဲ့ လီဝန်ဒေါစကီး

Goal Goal > May 18, 2020

ဘိုင်ယန်မြူးနစ်ရဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ငါးရာသီဆက်တိုက် တစ်ရာသီ ဂိုးလေးဆယ်အထက် သွင်းယူနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်က ယူနီယံဘာလင်ကို အဝေးကွင်းမှာ နှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လီဝန်ဒေါစကီးဟာ ဒီစံချိန်ကို တင်ရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ယူနီယံဘာလင်နဲ့ပွဲမှာတော့ လီဝန်ဒေါစကီးဟာ ပွဲချိန် ၃၉ မိနစ်မှာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဂေါ်ရက်ဇ်ကာကို ဆူဘိုတစ်က ၁၈ ကိုက်စည်းထဲမှာ လူချကစားရာက ရရှိလာတဲ့ ပင်နယ်တီကို လီဝန်ဒေါစကီးက အမှားအယွင်းမရှိ သွင်းယူပေးခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက် ဒီရာသီ ဂိုး ၄၀ မြောက်သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ဒီရာသီ ဘိုင်ယန်မြူးနစ်အတွက် ၃၄ ပွဲသာ ပါဝင်ကစားခဲ့ပြီး ဂိုး ၄၀ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လီဝန်ဒေါစကီး၊ မူလာနဲ့ ဂနာဘရီတိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ယူနီယံဘာလင်ဘက်ကို အတော်လေး ဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း အဖွင့်ဂိုးရဖို့တော့ ခက်နေခဲ့ပြီး ပွဲချိန် ၃၉ မိနစ်ကျမှသာ လီဝန်ဒေါစကီးက အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ပွဲချိန် မိနစ် ၈၀ မှာတော့ ကင်းမစ်ချ်ရဲ့ ပေးပို့မှုကနေတစ်ဆင့် ပါဗက်က ဝ-၂ ဖြစ်စေခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့နိုင်ပွဲကို ပုံဖော်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယနေရာက ဒေ့ါမွန်ကို ၄ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေဆဲ ဖြစ်ပါတယ်။