premier league

မန်ယူပြန်လာဖို့တော့ နည်းနည်းလေးကြာဦးမယ်… (ဂယ်ရီနဗီးလ်)

Goal Goal > August 13, 2019

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ချယ်လ်ဆီးကို လေးဂိုးပြတ်အနိုင်ရခဲ့ပြီး ရာသီသစ်ကို အကောင်းဆုံးစတင်ဖွင့်လှစ်နိုင်ခဲ့ပေမယ့် အသင်းရဲ့ဂန္တဝင်တစ်ဦးဖြစ်သူ ဂယ်ရီနဗီးလ်ကတော့ မန်ယူအနေနဲ့ ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့တော့ အချိန်အတော်ကြာ စောင့်ရဦးမယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်အတွင်းမှာ အပြောင်းအရွှေ့မှာ အမှားတွေဆက်တိုက်ကျူးလွန်ခဲ့ပြီး အခုတစ်ခေါက်မှ မှန်မှန်ကန်ကန် လူဝယ်နိုင်ခဲ့တာဖြစ်တယ်လို့ နဗီးလ်က ဆိုပါတယ်။ နောက်ထပ်နှစ်နှစ်လောက် ကစားသမားကောင်းတွေ ထပ်မံစုဆောင်းရဦးမှာဖြစ်ပြီး အဲဒီကာလအတွင်းမှာ မန်စီးတီးကနေ ဂွာဒီယိုလာထွက်၊ လီဗာပူးက ဆာလာ ဒါမှမဟုတ် ကစားသမားကောင်းတစ်ယောက်ယောက်ဆုံးရှုံးမှသာ မန်ယူအတွက် မျှော်လင့်ချက်ရှိလိမ့်မယ်လို့ ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပါတယ်။“မန်ယူကတော့ တဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်သွားရပါလိမ့်မယ်။ စိတ်ရှည်လက်ရှည်နဲ့ အချိန်တစ်ခုပေးရဦးမှာပါ။ ပြီးခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်အတွင်းမှာ အသင်းဟာ ကစားသမား အရောင်းအဝယ်ကိစ္စတွေမှာ အမှားတွေဆက်တိုက်လုပ်ခဲ့ပါတယ်။ အခုဒီတစ်ကြိမ်ကျမှ လိုအပ်တဲ့ကစားသမားတွေကို ကွက်တိခေါ်ယူနိုင်ခဲ့တာပါ။ နောက်ထပ်နှစ်နှစ်လောက် ကစားသမားကောင်းတွေ ထပ်မံခေါ်ယူဖို့ လိုအပ်ပါတယ်။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဂွာဒီယိုလာဟာ မန်စီးတီးကို စွန့်ခွာသွားမှာပါ။ ပြီးတော့ လီဗာပူးကလည်း ဆာလာ ဒါမှမဟုတ် အဓိက ကစားသမားတစ်ယောက်ယောက်ကို သေချာပေါက်ဆုံးရှုံးရပါလိမ့်မယ်။ မန်ယူအနေနဲ့ အဲဒီအချိန်အထိ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းဖို့လိုပါတယ်။အသင်းမှာ ငယ်မွေးခြံပေါက်ကစားသမားတွေ၊ အရည်အသွေးမြင့်ကစားသမားတွေ၊ ကြိုးစားအားထုတ်မှုပြင်းပြတဲ့ ကစားသမားတွေရှိနေပါပြီ။ ဒါဟာ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံဖြစ်ဖို့တော့ ဒီထက်အများကြီးကြိုးစားကြရပါဦးမယ်။ အတိုချုပ်ပြောရမယ်ဆိုရင်တော့ မန်ယူပြန်လာဖို့ဆိုတာ နည်းနည်းလေး ကြာပါဦးမယ်။ ပရိသတ်တွေအနေနဲ့ ဒါကိုစိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းဖို့၊ အသင်းကိုစိတ်မပျက်ဘဲ ထောက်ခံအားပေးဖို့လိုပါမယ်”လို့ ဂယ်ရီနဗီးလ်က သုံးသပ်သွားခဲ့ပါတယ်။