premier league

မက်ဂွိုင်းယားဟာ တကယ့်နောက်ခံလူကောင်းပါလို့ ကျွန်တော် ပြောခဲ့ပါတယ် … (ဒေးဗစ်မိုယက်စ်)

Goal Goal > August 13, 2019

သူအကြံပေးတုန်းကသာ မက်ဂွိုင်းယားကို ခေါ်လိုက်ရင် အခုလို ငွေကုန်ကြေးကျများစရာအကြောင်း မရှိတော့ဘူးလို့ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်က ပြောကြားခဲ့ပါတယ်။ ဒေးဗစ်မိုယက်စ် မန်ယူနည်းပြဘဝကတည်းက မက်ဂွိုင်းယားကိုခေါ်ယူဖို့ မျက်စိကျခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ဒေးဗစ်မိုယက်စ်ဟာ ရှက်ဖီးယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူပေးဖို့ မန်ယူဘုတ်အဖွဲ့ကို တောင်းဆိုခဲ့တာ ဖြစ်ပေမယ့် ဘုတ်အဖွဲ့က သဘောမတူခဲ့ပါဘူး။ အဲဒီတုန်းကသာ မက်ဂွိုင်းယားကို ခေါ်ယူခဲ့မယ်ဆိုရင်တော့ အများဆုံး ပေါင် ၄ သန်းသာ ကျသင့်မှာလည်း ဖြစ်ပါတယ်။

“မက်ဂွိုင်းယားကိုခေါ်ဖို့ ကျွန်တော် အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေက အကောင်အထည်ဖော်ခဲ့ခြင်း မရှိပါဘူး။ ကျွန်တော်ဟာ အသင်းငယ်လေးတွေက ကစားသမားကောင်းတွေကို ရှာဖွေရာမှာ ကျွမ်းကျင်သူတစ်ယောက် ရှိပါတယ်။ တင်မ်ကာဟေးလ်အပါအဝင် ကစားသမားကောင်း အတော်များများကို အသင်းငယ်လေးတွေဆီကနေ ကျွန်တော် ခေါ်ယူနိုင်ခဲ့ပါတယ်။ မက်ဂွိုင်းယားလည်း အလားတူပါပဲ။ သူဟာ ဖြစ်ထွန်းလာမယ့် နောက်ခံလူတစ်ယောက်ပဲလို့ ကျွန်တော် သိနေခဲ့ပါတယ်။ ရှက်ဖီးယူနိုက်တက်မှာ သူရှိနေတုန်းက သူ့ပွဲတွေ ကျွန်တော် လိုက်ကြည့်ခဲ့ဖူးပါတယ်။ သူဟာ တကယ်ကို နောက်ခံလူကောင်းတစ်ယောက် ဖြစ်လာနိုင်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားပါတယ်။

အမှန်အတိုင်းပြောရရင် သူ့ကို ကျွန်တော် ခေါ်ယူချင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော်တို့ မန်ယူအသင်းရဲ့နောက်တန်းမှာ ဖာဒီနန်၊ ဗီဒစ်၊ စမောလင်း၊ ဖီးလ်ဂျုံးစ်၊ ဂျွန်နီအီဗန်စ်၊ မိုက်ကယ်ကိန်းစသဖြင့် ကစားသမားကောင်းတွေများစွာရှိနေခဲ့တာကြောင့် မက်ဂွိုင်းယားကို ခေါ်ဖို့က အခက်အခဲရှိတာ အမှန်ပါပဲ။ ဒီကိစ္စအတွက် တာဝန်ရှိသူတွေကို အပြစ်တင်ဖို့လည်း ခက်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကသာ ခေါ်လိုက်နိုင်မယ် ဆိုရင်တော့လည်း အခုလောက် ငွေကုန်ကြေးကျများစရာ မရှိတော့ဘူးပေါ့”လို့ ဒေးဗစ်မိုယက်စ်က ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ မက်ဂွိုင်းယားအတွက် ပေါင်သန်း ၈၀ အထိ သုံးစွဲခဲ့ရပြီး ဒါဟာ ဗဟိုနောက်ခံလူတစ်ယောက်အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်လာခဲ့ပါတယ်။