premier league

အသက် ၂၁ နှစ်အရွယ်မှာ ဂိုးသွင်းနှုန်းအရ ဒိုလေးနဲ့ ဟင်နရီထက် အပုံကြီးသာနေတဲ့ မားကပ်စ်ရက်ဖို့ဒ်

Goal Goal > August 13, 2019

မန်ယူအသင်းတိုက်စစ်ကို ဦးဆောင်ကစားခွင့်ရနေသူကတော့ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ် ဖြစ်ပါတယ်။ ရက်ဖို့ဒ်ဟာ အနာဂတ်အလားအလာရှိတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ခြေစွမ်းမသေးပါဘူး။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ အသင်းတိုက်စစ်မှာ ရက်ဖို့ဒ်ကို အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုနေပါတယ်။ ရက်ဖို့ဒ်ဟာ ၂၀၁၅-၁၆ ဘောလုံးရာသီက မန်ယူအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ပထမဆုံးရာသီ ၁၈ ပွဲ ကစားခဲ့ရာမှာ ၈ ဂိုးသွင်းကာ ပရိသတ် သတိထားမိလာအောင် အကောင်းဆုံး ကြိုးစားကစားပေးခဲ့သူ ဖြစ်ပါတယ်။ ရက်ဖို့ဒ်ဟာ ဒီရာသီပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် ချယ်ဆီးပွဲမှာလည်း ၂ ဂိုး သွင်းပေးခဲ့ပါတယ်။

ရက်ဖို့ဒ်ဟာ အခုဆိုရင် အသက် ၂၁ နှစ်အရွယ်မှာ ဂိုးသွင်းနှုန်းအရ စီရိုနယ်ဒိုနဲ့ ပြင်သစ်တိုက်စစ်မှူးဟောင်း ဟင်နရီတို့ထက် အပုံကြီးသာနေကြောင်း သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေတဲ့ စီရိုနယ်ဒိုဟာ သူ့အသက် ၂၁နှစ်အရွယ်မှာ မန်ယူတိုက်စစ်မှူး ရက်ဖို့ဒ်လောက် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ထိတ်ထိတ်ကြဲ တိုက်စစ်မှူးတစ်ဦးအဖြစ် ထင်ရှားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဟင်နရီကလည်း သူ့အသက် ၂၁ အရွယ်မှာ ရက်ဖို့ဒ်လောက် ဂိုးမများခဲ့ပါဘူး။  မှတ်တမ်းတွေအရ ရက်ဖို့ဒ်ဟာ အခုလက်ရှိ အသက် ၂၁ နှစ်အရွယ် မန်ယူအသင်းအတွက် ၄၇ ဂိုး သွင်းပေးထားပါတယ်။

ရက်ဖို့ဒ်ဟာ မန်ယူအသင်းအတွက် ၅ နှစ်အတွင်း ပြိုင်ပွဲစုံ ၁၇၁ ပွဲကစားခဲ့ရာမှာ ဂိုး ၅၀ ပြည့်ဖို့ ၃ ဂိုးသာ လိုတော့တာပါ။ သူဟာ ပရီးမီးယားလိဂ် ၁၁၂ ပွဲ ကစားထားပြီး ၂၉ ဂိုး သွင်းခဲ့သူပါ။ ရက်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်၂၉ ဂိုး အက်ဖ်အေဖလားပြိုင်ပွဲ ၆ ဂိုး  ကာရာဘောင်းဖလားပြိုင်ပွဲ ၃ ဂိုး၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဥရောပပြိုင်ပွဲ ၉ ဂိုး သွင်းပေးထားပါတယ်။ အသက် ၂၁ နှစ်အရွယ်မှာ ရက်ဖို့ဒ် ဂိုးသွင်းနှုန်းက အားရစရာကောင်းပါတယ်။ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုဟာ သူ့အသက် ၂၁ နှစ်အရွယ်မှာ ပွဲပေါင်း ၁၇၀ ကစားရပြီး ၃၂ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ စီရိုနယ်ဒိုဟာ ပရီးမီးယားလိဂ် ၂၁ ဂိုး၊ အက်ဖ်အေဖလား ၈ ဂိုး၊ ကာရာဘောင်းဖလား ၂ ဂိုး၊ ဥရောပပြိုင်ပွဲ ၁ ဂိုးသာ သွင်းနိုင်ခဲ့တာပါ။

ဟင်နရီကတော့ သူ့အသက် ၂၁ နှစ်အရွယ် စုစုပေါင်း ၁၄၃ ပွဲကစားခဲ့ရာ ၂၇ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ ဟင်နရီဟာ ပြင်သစ်လီဂူး ၁၉ ဂိုး သွင်းယူကာ ဥရောပပြိုင်ပွဲမှာ ၈ ဂိုး သွင်းပေးခဲ့တာပါ။ ရက်ဖို့ဒ်ရဲ့ခြေစွမ်း ဒီထက်ပိုပြီး ကောင်းလာဖို့ရှိနေကြောင်း ဘောလုံးသုံးသပ်သူတွေက တစ်ပေးထားပါတယ်။ ရက်ဖို့ဒ်ဟာ ၂၀၁၈-၁၉ ရာသီက ပရီးမီးယားလိဂ် ၃၃ ပွဲ ကစားခဲ့ရာ ၁၀ ဂိုးသွင်းကာ ပြိုင်ပွဲစုံ ၄၇ ပွဲမှာ ၁၃ ဂိုးသွင်းပေးထားပါတယ်။ မန်ယူနည်းပြဆိုးလ်ရှားကတော့ ရက်ဖို့ဒ်ဆီက ဒီရာသီ ဂိုးတွေ ပိုမျှော်လင့်ထားကြောင်း ပြောပါတယ်။