premier league

ဘက်ခမ်နဲ့တူတာ အာနိုးလ်တစ်ယောက်ပဲ ရှိတယ်ဆိုတဲ့ လီဗာပူးကစားသမားဟောင်း

Goal Goal > August 13, 2019

လီဗာပူးအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဒန်နီမာဖီက လက်ရှိအသင်းရဲ့ ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုးလ်ဟာ ဒေးဗစ်ဘက်ခမ်နဲ့တူတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်ဟာ အင်္ဂလန်သမိုင်းတစ်လျှောက် ဖြတ်တင်ဘောပေးပို့မှု အကောင်းဆုံးကစားသမားဖြစ်တယ်လို့ မာဖီက ချီးကျူးသွားခဲ့ပြီး အခုအာနိုးလ်ဟာလည်း ဘက်ခမ်ခေတ်အလွန် ဖြတ်တင်ဘောပေးပို့မှု အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။ အာနိုးလ်ဟာ အသက် ၂၀ အရွယ်မှာပဲ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၈၇ ပွဲ ပါဝင်ကစားခဲ့ပြီးဖြစ်သလို အသင်းအတွက် ၄ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၆ ပွဲ ပါဝင်ကစားထားခဲ့တဲ့ အာနိုးလ်ဟာ ပြီးခဲ့တဲ့နှစ်က လီဗာပူးအသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။ နောက်ခံလူတစ်ယောက်သာ ဖြစ်ပေမယ့်လည်း အာနိုးလ်ဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံဂိုးဖန်တီးမှု ၁၆ ကြိမ် ရှိခဲ့ပါတယ်။ အာနိုးလ်ဟာ ဘက်ခမ်လိုမျိုး ဖြတ်တင်ဘောပေးပို့မှု ထူးချွန်သူဖြစ်ပေမယ့် အခြားညာနောက်ခံလူကောင်းတွေလည်း အင်္ဂလန်မှာ ရှိနေခဲ့တာကြောင့် ဆောက်ဂိတ်အတွက် ခေါင်းကိုက်စရာ ဖြစ်လာမယ်လို့ မာဖီက သုံးသပ်ခဲ့ပါတယ်။

“ဆောက်ဂိတ်အတွက်ကတော့ တကယ်မလွယ်တဲ့ကိစ္စပါပဲ။ ဒီဖက်နှစ်တွေမှာ အင်္ဂလန်ဟာ အကောင်းဆုံး ညာနောက်ခံလူသုံးယောက်ကို ပိုင်ဆိုင်ထားပါတယ်။ အာနိုးလ်၊ ကိုင်လီဝေါ်လ်ကာနဲ့ ဝမ်ဘစ္စကာတို့ပဲ ဖြစ်ပါတယ်။ ဒီသုံးယောက်စလုံးကတော့ တစ်ယောက်တစ်မျိုးစီ ကောင်းကြတာပါပဲ။ ဒါပေမဲ့ အာနိုးလ်ကတော့ တမူထူးခြားသူ ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ သူဟာ ဒေးဗစ်ဘက်ခမ်နောက်ပိုင်းမှာ ဖြတ်တင်ဘောပေးပို့မှု အတိကျဆုံး ကစားသမားတစ်ယောက်ပါပဲ။ ဘက်ခမ်ခေတ်လွန်မှာ ဒီလိုဖြတ်တင်ဘောတွေ မမြင်ရတာ ကာလအတော်ကြာနေပါပြီ။ အခု ဒါကို အာနိုးလ်ဆီမှာ ပြန်တွေ့ရပါတယ်”လို့ မာဖီက ပြောကြားခဲ့ပါတယ်။

လီဗာပူးက နော်ဝစ်ခ်ျကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာလည်း အာနိုးလ်ဟာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။