premier league

ဘယ်လ်ဂျီယံမှာရော၊ မန်စီးတီးမှာပါ ဂိုးဖန်တီးမှုအများဆုံးဖြစ်နေတဲ့ ဒီဘရိုင်း

Goal Goal > September 10, 2019

ဒီနှစ်ဘောလုံးရာသီမှာတော့ မန်စီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်း အထူးခြေစွမ်းပြကစားလျက်ရှိနေပါတယ်။ ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၁ ဂိုး၊ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပေးထားပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။ ဒါ့အပြင် ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံအသင်းမှာလည်း အကောင်းဆုံးခြေစွမ်းပြကစားလျက်ရှိနေပြီး စကော့တလန်ကို ၄ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ လေးဂိုးစလုံးက သူနဲ့မလွတ်ကင်းခဲ့ပါဘူး။ ကိုယ်တိုင်တစ်ဂိုးသွင်းယူနိုင်ခဲ့သလို သုံးဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် ဒီနှစ်ဘောလုံးရာသီ ဒီဘရိုင်းရဲ့ စုစုပေါင်းဂိုးဖန်တီးမှုဟာ ၈ ကြိမ်ထိရှိလာခဲ့ပြီးဖြစ်ပြီး ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာကြောင့် မန်စီးတီးအသင်းရဲ့ ပွဲစဉ်အများစုကို လွဲချော်ခဲ့ရပေမယ့်လည်း ဒီဘရိုင်းဟာ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။၂၀၁၅ ခုနှစ်မှာ မန်စီးတီးအသင်းကို စတင်ရောက်ရှိလာခဲ့သူ ဒီဘရိုင်းဟာ ပြီးခဲ့တဲ့လေးနှစ်အတွင်း မန်စီးတီးအတွက် စုစုပေါင်း ပရီးမီးယားလိဂ် ၁၂၁ ပွဲပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၇၀ တိတိကို တိုက်ရိုက်ပါဝင်ပတ်သက်ထားခဲ့ပါတယ်။ ကိုယ်တိုင် ၂၃ ဂိုးသွင်းယူပြီး အသင်းဖော်တွေကို ၄၇ ဂိုးဖန်တီးပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတုန်းက ပွဲစဉ်အများစုမှာ ဒီဘရိုင်းမပါဝင်ခဲ့တာတောင် မန်စီးတီးအသင်းက ပြည်တွင်းဖလား ၃ လုံး ဆွတ်ခူးနိုင်ခဲ့တာကြောင့် အခုလို ဒီဘရိုင်း အကောင်းဆုံးပုံစံရနေချိန်မျိုးမှာ မန်စီးတီးကို ရပ်တန့်ဖို့က ခက်ခဲနေဦးမယ်လို့ ပရိသတ်တွေနဲ့ မီဒီယာတချို့က သုံးသပ်နေကြပါတယ်။