premier league

လုခ်ရှောလ်ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူဖြစ်ကြောင်း ဆိုးလ်ရှား ပြော

Goal Goal > January 20, 2020

လုခ်ရှောလ်ဟာ လက်ရှိ အင်္ဂလန်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူဖြစ်တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက သုံးသပ်သွားခဲ့ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ လုခ်ရှောလ်ဟာ အသင်းရဲ့ဦးစားပေး ဘယ်နောက်ခံလူအဖြစ် ရပ်တည်နေခဲ့ပြီး ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ အထူးခြေစွမ်းပြ ကစားခဲ့ပါတယ်။ လုခ်ရှောလ်ဟာ တစ်နှစ်တာ အကောင်းဆုံး မန်ယူကစားသမားဆုကို ရရှိခဲ့သည်အထိ ခြေစွမ်းပြကစားခဲ့ပေမယ့် ဒီရာသီမှာ ဒဏ်ရာပြဿနာကြောင့် အနားယူခဲ့ရပြီးနောက်ပိုင်းမှာ ခြေစွမ်းကျဆင်းနေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
တစ်ဖက်မှာ လူငယ်ကစားသမားလေး ဘရန်ဒန်ဝီလီယံကလည်း ခြေစွမ်းပြ ကစားလာနေတာကြောင့် လုခ်ရှောလ်ထက် ဝီလီယံကို ပိုပြီးဦးစားပေးဖို့ တောင်းဆိုမှုတွေ ရှိနေခဲ့တာပါ။ အသက် ၁၉ နှစ်အရွယ် လူငယ်နောက်ခံလူ ဘရန်ဒန်ဝီလီယံဟာ ဒီရာသီမန်ယူအတွက် ၁၇ ပွဲ ပါဝင်ကစားပေးထားပြီး ဒါဟာ လုခ်ရှောလ်ထက် ၃ ပွဲ ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ နည်းပြဆိုးလ်ရှားကတော့ သူ့အနေနဲ့ လုခ်ရှောလ်ကို ယုံကြည်ဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်အသင်းမှာ နောက်ခံအစွန်လူတွေရဲ့စွမ်းဆောင်ရည်က အတော်လေး အားရစရာကောင်းနေပါတယ်။ ဝမ်ဘစ္စကာဟာ အထူးခြေစွမ်းပြလျက်ရှိနေသလို ဘရန်ဒန်ဝီလီယံကလည်း အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ပါတယ်။ ဒါလော့တို့၊ ဖိုဆူမန်ဆက်တို့ဆိုတာလည်း အရည်အသွေးမြင့် လူငယ်ကစားသမားလေးတွေပါပဲ။ ပြီးတော့ လုခ်ရှောလ် ရှိပါတယ်။ လုခ်ရှောလ်ဟာ နောင်တစ်ချိန်မှာ အင်္ဂလန်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူတစ်ယောက် ဖြစ်လာမှာပါ။ ကျွန်တော် အဲဒီလို ယုံကြည်ထားပါတယ်” လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လုခ်ရှောလ်ဟာ မန်ယူအသင်းအတွက် ၅ နှစ်ခွဲတာကာလအတွင်း ပြိုင်ပွဲစုံပွဲ ၁၂၀ ပါဝင်ကစားပေးထားပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၈ ပွဲ ကစားပေးထားပေမယ့် ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ရွေးချယ်ခံရခြင်း မရှိတော့ပါဘူး။ လက်ရွေးစင်အသင်းမှာ တစ်ကျော့ပြန် ရွေးချယ်ခံရဖို့က သူ့ရဲ့အိပ်မက်တစ်ခုဖြစ်ကြောင်း လုခ်ရှောလ်က ပြောကြားခဲ့ပါတယ်။