premier league

ဇနီးဟောင်းနဲ့သမီးကို ထောက်ပံ့ကြေးမပေးလို့ တရားစွဲခံလိုက်ရတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး ဘတ်ရှူအာယီ

Goal Goal > January 20, 2020

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဘတ်ရှူအာယီကို ဇနီးဟောင်းက တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။ ဘတ်ရှူအာယီနဲ့ ဇနီးဟောင်း ဂစ်တီဗန်ဒါအက်စ်တို့ဟာ လမ်းခွဲခဲ့ကြပြီးဖြစ်ပေမယ့် ဘတ်ရှူအာယီအနေနဲ့ ရင်သွေးထောက်ပံ့စရိတ်ပေးအပ်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ လစဉ် ပေါင် ၂၀၀၀ ကျော်ထောက်ပံ့ဖို့ တရားရုံးက အမိန့်ချမှတ်ထားခဲ့တာဖြစ်ပြီး ဘတ်ရှူအာယီက ၂ ကြိမ်တိတိ ပျက်ကွက်ခဲ့ပြီဖြစ်တဲ့အတွက် အခုလို တရားစွဲခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အခုဆိုရင် တရားရုံးက ဘတ်ရှူအာယီကို ဆင့်ခေါ်လိုက်ပြီဖြစ်ပါတယ်။
ဘတ်ရှူအာယီဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းထိ ရရှိနေခဲ့တာဖြစ်ပေမယ့် ကလေးစရိတ် ပေါင် ၂၀၀၀ လောက်ကို ပျက်ကွက်နေခဲ့လို့ ပရိသတ်အများစုက သူ့ကို ဝေဖန်နေခဲ့ကြပါတယ်။ ဘတ်ရှူအာယီဟာ လက်ရှိမှာ ချစ်သူသစ် ထပ်မံရရှိနေပြီဖြစ်သလို ကလေးတစ်ဦးလည်း ရှိနေပြီဖြစ်ပြီး ဗန်ဒါအက်စ်နဲ့ရတဲ့ ကလေးဟာ သူ့ကလေး မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားရုံးက စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးချိန်မှာတော့ ဘတ်ရှူအာယီကို ကလေးစရိတ်ထောက်ပံ့ဖို့ အမိန့်ချမှတ်ခဲ့တာပါ။ ဘတ်ရှူအာယီအနေနဲ့ ကလေးအရွယ် ရောက်လာသည်အထိ အဆိုပါထောက်ပံ့ကြေးကို လစဉ်ပေးအပ်သွားရမှာလည်း ဖြစ်ပါတယ်။
“ကလေး အရွယ်ရောက်လာတဲ့အခါ သူ့အဖေအကြောင်း အရှိအတိုင်း ပြောပြသွားမှာပါ။ တာဝန်မယူခဲ့ပုံတွေ၊ ပစ်ထားခဲ့ပုံတွေကိုရောပေါ့။ သူ့ကြောင့် ဘဝကို ဘယ်လိုခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်ဆိုတာကို အကုန်ပြောပြသွားမှာပါ။ ကျွန်မအနေနဲ့ကတော့ သူ့ဆီကနေ တစ်စုံတစ်ရာမျှော်လင့်မထားပါဘူး။ ကျွန်မ ငွေမက်တဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးရဲ့အနာဂတ်အတွက်တော့ ပိုက်ဆံလိုပါတယ်။ ဒါကြောင့်လည်း အခုလို ထောက်ပံ့ကြေး တောင်းဆိုနေရတာပါ။ သူနဲ့ ပတ်သက်ချင်လို့တော့ မဟုတ်ပါဘူး” လို့ ဗန်ဒါအက်စ်က ပြောကြားခဲ့ပါတယ်။
ဘတ်ရှူအာယီဟာ ဒီနှစ် ဘောလုံးရာသီ ချယ်လ်ဆီးအသင်းမှာ နေရာပျောက်နေပြီး စုစုပေါင်း မိနစ် ၄၅၀ ကျော်သာ ပါဝင်ကစားရသေးပေမယ့် သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ရှိထားခဲ့ပါတယ်။ သူ့ကို ပရီးမီးယားလိဂ်အသင်းတချို့က အငှါးခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပေမယ့် ချယ်လ်ဆီးအသင်းဘက်က အငှါးချဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။