premier league

ဗန်ဒိုက်ကတော့ တကယ့်ပါဝါရိမ်းဂျားပဲလို့ ဟစ်ပီယာ ချီးကျူး

Goal Goal > January 20, 2020

ဗန်ဒိုက်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက်ဖြစ်ပြီး အားနည်းချက်ရယ်လို့ကို ရှာမတွေ့လောက်အောင် ထူးချွန်သူဖြစ်တယ်လို့ လီဗာပူးနောက်ခံလူဟောင်း ဟစ်ပီယာက ချီးကျူးလိုက်ပါတယ်။ နယ်သာလန်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ နောက်ခံလူဗန်ဒိုက်ကို လွန်ခဲ့တဲ့ ၂ နှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့မှာ လီဗာပူးအသင်းက ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နောက်ခံလူတစ်ယောက်အတွက် (အဲဒီအချိန်က) ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်ခဲ့တာကြောင့် ဒီအပြောင်းအရွှေ့ကို အများစုက သံသယရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဗန်ဒိုက်ဟာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြကစားခဲ့ပြီး သူ ရောက်လာပြီးနောက်မှာ လီဗာပူးအသင်းဟာ တည်ငြိမ်တဲ့အသင်းလိုက်ကစားပုံမျိုး ရှိလာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း လီဗာပူးရဲ့အောင်မြင်မှုတွေမှာ ဗန်ဒိုက်ရဲ့အခန်းကဏ္ဍက အတော်လေး အရေးပါနေတယ်လို့ အများစုက သုံးသပ်ထားကြပါတယ်။ လက်ရှိခြေစွမ်းအရ ဗန်ဒိုက်ဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက်ဖြစ်ကြောင်း ဟစ်ပီယာက ဆိုပါတယ်။
“လက်ရှိ ဗန်ဒိုက်ရဲ့ကစားပုံကိုကြည့်ရင် ခင်ဗျား လုံးဝဟာကွက် ရှာတွေ့မှာမဟုတ်ဘူးလို့ ကျွန်တော် ရဲရဲကြီး ပြောရဲပါတယ်။ ဗန်ဒိုက်မှာ အားနည်းချက် လုံးဝမရှိပါဘူး။ သူဟာ ဒီနေ့ဘောလုံးလောကရဲ့ အကောင်းဆုံး နောက်ခံလူတစ်ယောက်ပါပဲ။ ဒါ့အပြင် ဗန်ဒိုက်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ လီဗာပူးကို သူ ရောက်လာခါစမှာ အသင်းဟာ ခေါင်းဆောင်မှုပိုင်း အနည်းငယ် လိုအပ်နေသေးတဲ့သဘော ရှိပါတယ်။
မီလ်နာနဲ့ ဟန်ဒါဆန်တို့ဟာလည်း ခေါင်းဆောင်ကောင်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းတစ်သင်းမှာ မောင်းနှင်နိုင်စွမ်းရှိသူတစ်ယောက်၊ နှစ်ယောက်လောက်နဲ့ မလုံလောက်ပါဘူး။ ဗန်ဒိုက်ဟာ အသင်းသားတစ်ယောက်ချင်းစီရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို မြင့်တက်လာစေသူဖြစ်ပါတယ်။ သူနဲ့ တွဲကစားရတဲ့သူတိုင်း ခြေစွမ်းတွေ တိုးတက်လာတာ အားလုံးမျက်မြင်ပါပဲ ” လို့ ဟစ်ပီယာက ပြောကြားခဲ့ပါတယ်။
ဗန်ဒိုက်ဟာ ဒီနှစ်ဘောလုံးရာသီ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ရှိထားခဲ့ပါတယ်။