premier league

မန်ယူပြန်လာဖို့ ဒိတ်ဒိတ်ကြဲကစားသမား ၆ ယောက်လောက် ထပ်ခေါ်ရမယ်လို့ ရိုင်ယန်ဂစ်သုံးသပ်

Goal Goal > January 21, 2020

လတ်တလောမှာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ ကွင်းလယ်ကစားသမားပေါ့ဘာဟာ မန်ယူမှာအောင်မြင်နိုင်တယ်လို့ အသင်းရဲ့ဂန္တဝင်တစ်ဦးဖြစ်သူ ရိုင်ယန်ဂစ်က ယုံကြည်နေပါတယ်။ ဒါပေမယ့် နည်းပြဆိုးလ်ရှားအနေနဲ့လည်း ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့လိုမယ်လို့ ရိုင်ယန်ဂစ်က သုံးသပ်သွားခဲ့ပါတယ်။ လက်ရှိမန်ယူအသင်းမှာက ဂရီးလစ်ရှ်လို၊ မက်ဒီဆင်လို ကစားသမားမျိုး လိုအပ်နေတာဖြစ်တယ်လို့ ရိုင်ယန်ဂစ်ကဆိုပါတယ်။ နည်းပြဆိုးလ်ရှားကလည်း ဒီအချက်ကို လက်ခံထားပြီး သူ့အသင်းရဲ့ကွင်းလယ်ဟာ ဖန်တီးပေးပို့မှုတွေ၊ တိုက်စစ်ကို ပံ့ပိုးမှုတွေမှာ လိုအပ်ချက်တွေရှိနေကြောင်း ဝန်ခံခဲ့ပါတယ်။ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် လက်ရှိပရီးမီးယားလိဂ်မှာ ခြေစွမ်းပြကစားလျက်ရှိနေတဲ့ လက်စတာကွင်းလယ်ဖန်တီးရှင်မက်ဒီဆင် ဒါမှမဟုတ် အက်စတွန်ဗီလာအသင်းခေါင်းဆောင်ဂရီးလစ်ရှ်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ မက်ဒီဆင်နဲ့ဂရီးလစ်ရှ်တို့ဟာ သက်ဆိုင်ရာကလပ်အသင်းတွေမှာ အဓိကကစားသမားအဖြစ် အသီးသီးရပ်တည်နေတာကြောင့် သူတို့ကိုရာသီဝက်အပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်ဖို့တော့ ခက်ခဲဖွယ်ရာရှိနေပါတယ်။ တစ်ဖက်မှာလည်း မန်ယူအသင်းဟာ ရလဒ်တွေထင်သလောက်မကောင်းရတဲ့ကြားထဲ အဓိကထောက်တိုင်ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ တိုမီနေးနဲ့ ရပ်ဖို့ဒ်တို့ အသီးသီးဒဏ်ရာရရှိနေတာကြောင့် ကစားသမားသစ်တွေ ခေါ်ယူဖြည့်တင်းဖို့ မဖြစ်မနေလိုအပ်နေခဲ့တာပါ။>”လက်ရှိမန်ယူမှာဖြစ်နေတဲ့ပြဿနာကတော့ ကစားသမားအင်အားနည်းနေတာပါပဲ။ ဆိုးလ်ရှားအတွက်လည်း အတော်လေးခက်ခဲပါတယ်။ အခုအပြောင်းအရွှေ့ကာလမှာ သူ့အနေနဲ့ မက်ဒီဆင် ဒါမှမဟုတ် ဂရီးလစ်ရှ်ကို ရအောင်ခေါ်နိုင်မယ်မထင်ပါဘူး။ ဒါပေမယ့် လက်ရှိမန်ယူအသင်းလိုအပ်နေတာက ဒီလိုကစားသမားမျိုးတွေဖြစ်ပါတယ်။ ပေါ့ဘာအပေါ် ကျွန်တော်ယုံကြည်မှုရှိနေပါတယ်။ ဒါပေမယ့် ပေါ့ဘာပါဝင်ကစားနိုင်သည့်တိုင်အောင် ကွင်းလယ်တိုက်စစ်နေရာက လိုအပ်နေဦးမှာပါ။ မက်ဒီဆင်လို၊ ဂရီးလစ်ရှ်လို ကစားသမားမျိုးတွေပေါ့။လက်ရှိအသင်းမှာက လိုအပ်ချက်တွေများလှပါတယ်။ ကစားသမားတစ်ယောက်နှစ်ယောက်လောက်ထပ်ခေါ်ရုံနဲ့ အဆင်ပြေသွားမယ်လို့ ကျွန်တော်မထင်ပါဘူး။ အသင်းအနေနဲ့ အရင်လိုအောင်မြင်မှုမျိုး ပြန်လည်ရရှိနိုင်ဖို့အတွက် ကစားသမားသစ် ၆ ယောက်၊ ၇ ယောက်လောက် လိုအပ်မှာဖြစ်ပါတယ်”လို့ ရိုင်ယန်ဂစ်က သုံးသပ်သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဘန်လေအသင်းနဲ့ ကစားရဖို့ရှိနေပါတယ်။