premier league

အာတီတာလက်ထက်မှာ အိုဇေးလ်ပျော်ရွှင်နေကြောင်း မူစတာဖီပြောကြား

Goal Goal > January 21, 2020

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်အိုဇေးလ်ဟာ နည်းပြသစ်အာတီတာလက်ထက်မှာ ပျော်ရွှင်လျက်ရှိနေကြောင်း အသင်းဖော်တစ်ဦးဖြစ်တဲ့ နောက်ခံလူမူစတာဖီက ပြောကြားလိုက်ပါတယ်။ ဂိုးဖန်တီးမှုနဲ့ပတ်သက်လို့နာမည်ကြီးတဲ့ ဂျာမန်ကွင်းလယ်လူအိုဇေးလ်ဟာ ပြီးခဲ့တဲ့တစ်နှစ်ခွဲလောက်အတွင်းမှာတော့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ နည်းပြအာဆင်ဝင်းဂါးလက်ထက် အာဆင်နယ်အသင်းရဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမယ့်လည်း ဝင်းဂါးကိုဆက်ခံသူ အူနိုင်းအမ်မရီကတော့ အိုဇေးလ်ရဲ့ခြေစွမ်းကို သဘောမကျခဲ့တာကြောင့် အသင်းမှာပွဲထွက်ခွင့်သိပ်မပေးခဲ့ပါဘူး။အိုဇေးလ်ဟာ ဂိုးဖန်တီးမှုတွေ၊ တိုက်စစ်လမ်းကြောင်းပုံဖော်မှုတွေမှာ အင်မတန်ထူးချွန်သူဖြစ်ပေမယ့်လည်း လုပ်အားနှုန်းနည်းပါးသူတစ်ယောက်ဖြစ်တာကြောင့် တချို့နည်းပြတွေက သူ့ကိုသိပ်မကြိုက်ကြပါဘူး။ အထူးသဖြင့် လုပ်အားနှုန်းအခြေပြု high-pressing ကစားကွက်တွေခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ အိုဇေးလ်တို့လို ကွင်းလယ်ဖန်တီးရှင်တွေ ရုန်းကန်ရလိမ့်မယ်လို့လည်း နည်းစနစ်ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ ဒါပေမယ့်လည်း နည်းပြသစ်အာတီတာကတော့ အိုဇေးလ်ကို သဘောကျနေခဲ့ပြီး အဓိကကစားသမားတစ်ယောက်အဖြစ် အားပြုကစားနေခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်ကလည်း အာတီတာလက်ထက်မှာ ပျော်ရွှင်လျက်ရှိနေတယ်လို့ မူစတာဖီကဆိုပါတယ်။“အိုဇေးလ်နဲ့ကျွန်တော်နဲ့က သူငယ်ချင်းအရင်းကြီးတွေပါ။ ကျွန်တော် သူ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ အာဆင်နယ်ကစားသမားဘဝမတိုင်ခင်ကတည်းက ကျွန်တော်တို့ရင်းနှီးခဲ့ကြတာပါ။ အိုဇေးလ်ရဲ့ကစားပွဲအပေါ် ရှုမြင်ပုံကတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့တော့ ကွဲလွဲမှုရှိပါတယ်။ ဒါပေမယ့်လည်း သူဟာ သူ့နည်းသူ့ဟန်နဲ့ အသင်းကိုရော၊ အသင်းဖော်တွေကိုရော ကူညီပေးနိုင်တဲ့သူပါ။ အသင်းတစ်သင်းအနေနဲ့ ပိုင်ဆိုင်ထားသင့်တဲ့ ကစားသမားကောင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။သူဟာ နည်းပြအာတီတာလက်ထက်မှာတော့ ပျော်ရွှင်နေပါတယ်။ အသင်းရဲ့တိုက်စစ်ကို ပုံဖော်ပေးချင်တာက သူ့ရဲ့ဆန္ဒဖြစ်ပြီး အခုသူ့စိတ်တိုင်းကျ ကစားခွင့်ရနေတာဖြစ်တဲ့အတွက် သူပျော်နေတာပါ။ သူ့အနေနဲ့ အသင်းကို အများကြီးအထော်အကူပြုနိုင်ဦးမယ်လို့ ကျွန်တော်ယုံကြည်နေပါတယ်”လို့ မူစတာဖီက ပြောကြားခဲ့ပါတယ်။ အိုဇေးလ်ဟာ ဒီနှစ်ဘောလုံးရာသီ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲပါဝင်ကစားပေးထားရာမှာတော့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။