premier league

ကျွန်တော်တို့က ဟာရီကိန်း FC မဟုတ်ပါဘူး (ဒယ်လီအလီ)

Goal Goal > January 21, 2020

ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် တိုက်စစ်မှူးဟာရီကိန်းကို သူတို့အားလုံး သတိရနေကြမှာဖြစ်ပေမယ့် စပါးအသင်းဟာ ဟာရီကိန်းတစ်ယောက်ထဲကို အားကိုးနေတဲ့အသင်းမျိုးတော့မဟုတ်ဘူးလို့ ကွင်းလယ်ကစားသမားဒယ်လီအလီက ပြောကြားလိုက်ပါတယ်။ ဟာရီကိန်းဟာအသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းကိုလည်း အများကြီးအကျိုးပြုနိုင်သူဖြစ်ပေမယ့် အခုလို သူမရှိတဲ့အချိန်မှာလည်း စပါးအသင်းအနေနဲ့ ပုံစံမပျက်ရှေ့ဆက်နိုင်စွမ်းရှိတယ်လို့ အလီကဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ ဟာရီကိန်းဒဏ်ရာပြဿနာတွေရှိနေခဲ့ပေမယ့် စပါးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးရှေ့ဆက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့အချက်ကို ဟာရီကိန်းက ဥပမာပေးခဲ့ပါတယ်။ဟာရီကိန်းဟာ ဒီနှစ်ဘောလုံးရာသီ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၁၉ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့တာဖြစ်ပါတယ်။ ကိုယ်တိုင် ၁၇ ဂိုးသွင်းယူပြီး အသင်းဖော်တွေကိုတော့ ၂ ဂိုးဖန်တီးပေးထားခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတစ်ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာတော့ ဟာရီကိန်းဒဏ်ရာရရှိသွားခဲ့ပြီး ရာသီကုန်ထိနားရဖို့ရှိနေခဲ့တာပါ။ ဟာရီကိန်း ဒဏ်ရာရရှိသွားခဲ့ပြီးနောက်မှာတော့ စပါးအသင်းဟာ ရလဒ်တွေဆိုးရွားနေခဲ့ပြီး နောက်ဆုံး ၄ ပွဲမှာ နိုင်ပွဲတစ်ပွဲသာရရှိထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အလီကတော့ သူတို့အနေနဲ့ ဟာရီကိန်းတစ်ယောက်ထဲကို မှီခိုထားခြင်းမရှိကြောင်း ငြင်းဆန်ခဲ့ပါတယ်။“လူတွေက အရမ်းမေ့လွယ်ကြတယ်ထင်ပါတယ်၊ မနှစ်က ဟာရီကိန်းဒဏ်ရာရသွားတဲ့အချိန် ကျွန်တော်တို့ဘာတွေလုပ်နိုင်ခဲ့သလဲ ပြန်စဉ်းစားစေချင်ပါတယ်။ ဟာရီကိန်းမရှိဘဲနဲ့ ကျွန်တော်တို့ဘာတွေစွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာကိုပေါ့။ ကျွန်တော်တို့ဟာ အသင်းလိုက်စွမ်းဆောင်ရည်ကို အဓိကထားတာဖြစ်ပြီး တစ်ဦးတစ်ယောက်ကို အားကိုးထားတာမဟုတ်ကြောင်း သက်သေပြခဲ့ပြီးပါပြီ။ဟာရီကိန်းဟာ တကယ့်တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် သူအခုလိုမျိုးဒဏ်ရာရရှိသွားချိန်မှာ ကျွန်တော်တို့အားလုံး သူ့ကိုလွမ်းနေရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ စပါးသာလျှင်ဖြစ်ပါတယ်။ ဟာရီကိန်း FC မဟုတ်ပါဘူး”လို့ ဒယ်လီအလီက ပြောကြားခဲ့ပါတယ်။ စပါးအသင်းဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့်ဗုဒ္ဓဟူးညမှာ နော်ဝစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။