premier league

မာရှယ်က အထောင်တိုက်စစ်မှူးမဟုတ်ဘူး၊ တောင်ပံတိုက်စစ်လို့ ဆိုးလ်ရှားကိုရှင်းပြလိုက်တဲ့ မက္ကလာရင်

Goal Goal > February 14, 2020

မန်ယူတိုက်စစ်ကစားသမား အန်သိုနီမာရှယ်ဟာ အထောင်တိုက်စစ်မှူးမျိုးမဟုတ်ဘဲ တောင်ပံတိုက်စစ်နေရာနဲ့ ပိုမိုသင့်တော်သူဖြစ်တယ်လို့ ဝါရင့်နည်းပြမက္ကလာရင်က ဆိုးလ်ရှားကို အကြံပြုသွားခဲ့ပါတယ်။ မက္ကလာရင်ဟာ မန်ယူအသင်းမှာ လက်ထောက်နည်းပြအဖြစ် ဖြတ်သန်းခဲ့ဖူးသူလည်းဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားဟာ မာရှယ်ကို အထောင်တိုက်စစ်နေရာမှာ အသုံးပြုနေပေမယ့်လည်း တကယ်တမ်းတော့မာရှယ်ဟာ အထောင်တိုက်စစ်မှူးစစ်စစ်မဟုတ်ဘူးလို့ မက္ကလာရင်ကပြောကြားခဲ့ပါတယ်။မန်ယူအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ လူကာကူကိုရောင်းထုတ်ခဲ့ပြီးနောက် မာရှယ်နဲ့ရပ်ဖို့ဒ်က တိုက်စစ်မှာ တစ်လှည့်စီကစားတဲ့ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ ရပ်ဖို့ဒ်ဒဏ်ရာရရှိသွားချိန်မှာတော့ ယာယီအစားထိုးမှုအဖြစ် အစ်ဟာလိုကို ၆ လအငှါးစာချုပ်နဲ့ခေါ်ယူထားခဲ့တာပါ။ မာရှယ်ကတော့ ဒီနှစ်ဘောလုံးရာသီမှာ ထိုက်သင့်သလောက် ခြေစွမ်းမပြနိုင်တဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဒါဟာ ဆိုးလ်ရှားတာဝန်လည်း မကင်းလှဘူးလို့ မက္ကလာရင်က သုံးသပ်သွားခဲ့ပါတယ်။“လက်ရှိမန်ယူရဲ့ အဓိကပြဿနာက တိုက်စစ်မဟုတ်ဘဲ ကွင်းလယ်ပိုင်းဖြစ်ပါတယ်။ ကွင်းလယ်တိုက်စစ်နေရာမှာ ဦးဆောင်ကစားနိုင်တဲ့သူမျိုးမရှိသေးသလို ရွိုင်ကိန်းလို ခံစစ်ကြောင်းရှေ့က မားမားမတ်မတ်ကာကွယ်ပေးမယ့်သူလည်း မရှိပြန်ပါဘူး။ လောလောဆယ်မှာ ဖရက်ဒ်တစ်ယောက်ပဲ အားရစရာရှိပါတယ်။ တိုမီနေး ကစားတာကောင်းပေမယ့်လည်း တိကျတဲ့ တာဝန်ယူနိုင်မှုမျိုးရှိဖို့ လိုအပ်နေပါသေးတယ်။ မကြာမီတိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။ မာတာဟာ တကယ့်ကစားသမားကောင်းပါ။ ဒါပေမယ့် သူ့ကိုဘယ်နေရာမှာထားရင် အဆင်ပြေမလဲ ဆိုးလ်ရှားမသိသလို ကျွန်တော်လည်းမသိပါဘူး။မာရှယ်ကတော့ အထောင်တိုက်စစ်မှူးမဟုတ်တာသေချာပါတယ်။ သူဟာ တောင်ပံတိုက်စစ်နဲ့ပိုပြီးကိုက်ညီတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အကောင်းဆုံးသွင်းဂိုးတွေ၊ ဖန်တီးမှုတွေ၊ ထိုးဖောက်မှုတွေကိုကြည့်ရင် ဘယ်တောင်ပံကလာတာကို တွေ့နိုင်ပါတယ်။ ရိုးရိုးလေးပါပဲ။ သူနဲ့မအပ်စပ်တဲ့ အထောင်နေရာမှာ ကစားနေရတဲ့အတွက် မာရှယ်ဟာ ခြေစွမ်းပျောက်သလိုဖြစ်နေရတာပါ။ တကယ်တော့သူဟာ ခပ်ညံ့ညံ့ကစားသမားမဟုတ်ပါဘူး”လို့ မက္ကလာရင်က သုံးသပ်သွားခဲ့ပါတယ်။