premier league

အာဆင်နယ်က ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ အဆင့်မရှိသေးဘူးဆိုတဲ့ ချာလီနီကိုလက်စ်

Goal Goal > February 14, 2020

နည်းပြအာတီတာလက်ထက်မှာ အာဆင်နယ်အသင်းဟာ သိသိသာသာ တိုးတက်လာပေမယ့်လည်း ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့တော့ အလှမ်းဝေးနေဦးမယ်လို့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ချာလီနီကိုလပ်စ်က သုံးသပ်သွားခဲ့ပါတယ်။ အာတီတာလက်ထက်မှာ ခြေစွမ်းတိုးတက်မှုတွေရှိလာပေမယ့် တည်ငြိမ်မှုအပိုင်းကတော့ အားနည်းနေဆဲဖြစ်ကြောင်း ချာလီနီကိုလပ်စ်က ထောက်ပြခဲ့ပါတယ်။ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ပီပီ၊ အူဘာမီယန်းနဲ့ လာကာဇက်တို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း နီကိုလပ်စ်က မေးခွန်းထုတ်ခဲ့ပြီး အသင်းအနေနဲ့ သူတို့ဆီက ဒီထက်မက ပိုရဖို့လိုတယ်လို့လည်းဆိုပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၁၀မှတ်အကွာ အမှတ်ပေးဇယားရဲ့ အဆင့်၁၀နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိခြေစွမ်းကလည်း လိုအပ်ချက်တွေရှိနေသေးတာကြောင့် ဒီရာသီမှာတော့ ထိပ်ဆုံး ၄ သင်းမဝင်နိုင်တော့ဘူးလို့ အကြမ်းဖျင်းယူဆရမှာဖြစ်ပါတယ်။“အာတီတာဟာ အာဆင်နယ်ကို လေ့လာနေရတုန်းအဆင့်မှာပဲရှိသေးတယ်လို့ ကျွန်တော်မြင်ပါတယ်။ အာဆင်နယ်အတွက် အသင့်တော်ဆုံးကစားကွက်အခင်းအကျင်းနဲ့ လူရွေးချယ်မှုကို သူမလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် သူ့လက်ထက်အာဆင်နယ်အသင်းဟာ တိုးတက်မှုများစွာ ရှိလာခဲ့တာတော့အမှန်ပါပဲ။ ခြေစွမ်းပိုင်းက သိသိသာသာတိုးတက်လာခဲ့ပေမယ့် တည်ငြိမ်မှုအပိုင်းမှာ အားနည်းနေသေးတာပြဿနာပါ။ အခုဆောင်းရာသီအားလပ်ရက်အပြီးမှာတော့ ပိုမိုကောင်းမွန်တဲ့အခင်းအကျင်းနဲ့ လူရွေးချယ်မှုတွေကို တွေ့မြင်ရမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ကစားသမားတွေဖက်ကလည်း ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုးပြသနိုင်ဖို့လိုပါတယ်။ အူဘာမီယန်း၊ လာကာဇက်နဲ့ ပီပီတို့ရဲ့တိုက်စစ်ဟာ အကောင်းဆုံးပုံစံမှာ ရှိမနေသေးပါဘူး။ သူတို့လည်းပဲ ဒီထက်မကတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ အသင်းကိုကူူညီဖို့လိုပါမယ်”လို့ ချာလီနီကိုလပ်စ်က သုံးသပ်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့်တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ရှိနေပါတယ်။