premier league

မန်ယူက တည်ကန်ဘောတွေ ဟန့်တားတဲ့နေရာမှာ အရမ်းညံ့နေတယ်လို့ မက်ဂွိုင်းယားသုံးသပ်

Goal Goal > February 14, 2020

မန်ယူအသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ခံစစ်ကစားပုံ သိသိသာသာတိုးတက်လာတဲ့အတွက် သူ့အနေနဲ့ ကျေနပ်မိတယ်လို့ မက်ဂွိုင်းယားက ပြောကြားခဲ့ပေမယ့် တည်ကန်ဘောတွေကို တားဆီးရာမှာတော့ အားနည်းချက်တွေရှိနေဆဲဖြစ်တယ်လို့ ညည်းတွားခဲ့ပါတယ်။ သူနဲ့ အသင်းဖော်လင်ဒီလော့ဖ်ကြားမှာလည်း တစ်ပွဲထက်တစ်ပွဲ နားလည်မှုတွေ ပိုမိုတိုးတက်လာတယ်လို့ မက်ဂွိုင်းယားက ပြောကြားခဲ့ပြီး တည်ကန်ဘောတွေကနေ ဂိုးတွေခွင့်ပြုနေရတာကို ရပ်တန့်ဖို့လည်း အမြန်ဆုံးကြိုးစားလျက်ရှိနေတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းကို ပေါင်သန်း၈၀နဲ့ပြောင်းရွှေ့လာခဲ့သူ မက်ဂွိုင်းယားဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူလို့ပြောရလောက်အောင် ခြေစွမ်းမပြနိုင်သေးပေမယ့်လည်း အသင်းရဲ့ ခံစစ်ကြောင်းကိုတော့ အတော်လေးတည်ငြိမ်သွားစေခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ပြင်းထန်ပြီး အသင်းဖော်တွေကို ဦးဆောင်နိုင်တဲ့ သူ့ရဲ့ကစားဟန်ကြောင့် ရောက်လာပြီး ၆လအတွင်းမှာပဲ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူလည်းဖြစ်ပါတယ်။“ကျွန်တော်တို့အသင်းရဲ့ ခံစစ်ကြောင်းက သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ဂိုးမပေးရအောင် ကစားနိုင်တဲ့ပွဲတွေ ပိုများလာခဲ့သလို ပြိုင်ဖက်အသင်းတွေကိုလည်း အခွင့်အရေးများများစားစားမပေးတော့ပါဘူး။ အသင်းလိုက်ခံစစ်စွမ်းဆောင်ရည်ကောင်းမွန်လာသလို တစ်ဦးချင်းအနေနဲ့လည်း ကျွန်တော်နဲ့လင်ဒီလော့ဖ်ကြားမှာ အပြန်အလှန်နားလည်မှုကလည်း ပိုပြီး အားကောင်းလာခဲ့ပါတယ်။ဒါပေမယ့် တည်ကန်ဘောတွေကို တားဆီးတဲ့နေရာမှာတော့ ကျွန်တော်တို့ရဲ့ခံစစ်ကြောင်းဟာ လိုအပ်ချက်ကလေးတွေရှိနေတုန်းပါပဲ။ ဒါကို အမြန်ဆုံးပြုပြင်နိုင်ဖို့၊ တည်ဘောကနေ ဂိုးတွေအလွယ်တကူ ခွင့်ပြုနေရတာကို ဟန့်တားနိုင်ဖို့ ကျွန်တော်တို့အားလုံး စုစုစည်းစည်းနဲ့ ကြိုးစားနေကြပါတယ်”လို့ မက်ဂွိုင်းယားက ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းယားဟာ ဒီနှစ်ဘောလုံးရာသီ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှု၂ကြိမ် ရှိထားခဲ့ပါတယ်။