premier league

ဝက်စ်ဟမ်းတစ်သင်းလုံးထက် ဘောလုံးပေးပို့မှုပိုများနေတဲ့ ရိုဒရီ

Goal Goal > February 20, 2020

မန်စီးတီးက ဝက်စ်ဟမ်းကို ၂-၀ နဲ့အနိုင်ရတဲ့ပွဲမှာတော့ ကွင်းလယ်ကစားသမားရိုဒရီဟာ စံချိန်မှတ်တမ်းသစ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒီပွဲမှာ ကွင်းလယ်ဖန်တီးရှင်ဒီဘရိုင်းက သွင်းဂိုးတစ်ဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ်နဲ့ ခြေစွမ်းပြကစားသွားခဲ့ပေမယ့် ရိုဒရီကလည်း ကစားကွက်တစ်ခုလုံးကို အကောင်းဆုံး ဖန်တီးပုံဖော်သွားခဲ့ပါတယ်။ ဒါဟာ ရိုဒရီရဲ့ မန်စီးတီးကစားသမားဘဝ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်နိုင်ပါတယ်။ရိုဒရီဟာ ဒီဘရိုင်းရဲ့ ပေးပို့မှုကနေ မန်စီးတီးအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို တစ်ပွဲလုံးအတိုင်းအတာမှာ ဘောလုံးပေးပို့မှု ၁၈၈ ကြိမ်အထိရှိခဲ့ပါတယ်။ အဲဒီထဲက ၁၇၈ ကြိမ်က အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်ခုစလုံးဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပွဲစဉ်တစ်ပွဲထဲမှာ အများဆုံးပမာဏအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ရိုဒရီရဲ့ ဘောလုံးပေးပို့မှုဟာ ဝက်စ်ဟမ်းတစ်သင်းလုံးရဲ့ စုစုပေါင်းဘောလုံးပေးပို့မှုထက် ပိုများနေခဲ့တာလည်းဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ ဒီပွဲမှာ တစ်သင်းလုံးပေါင်း ဘောလုံးပေးပို့မှု၁၆၉ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။ဒီနှစ်ဘောလုံးရာသီအစမှာ အက်တလက်တီကိုကနေ မန်စီးတီးကိုပြောင်းရွှေ့လာခဲ့သူရိုဒရီဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲပါဝင်ကစားပေးထားရာမှာတော့ ၃ ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးထားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့်တနင်္ဂနွေနေ့မှာ လက်စတာအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကစားရဖို့ရှိနေပါတယ်။