premier league

ဘယ်အခြေအနေရောက်ရောက် မန်စီးတီးမှာပဲဆက်ရှိနေမယ်ဆိုတဲ့ ဒီဘရိုင်း

Goal Goal > February 20, 2020

မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုတွေကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှစ်နှစ်ထုတ်ပယ်ခံရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြဂွာဒီယိုလာအပါအဝင် ကစားသမားကောင်းတွေ အသင်းကထွက်ခွာဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မန်စီးတီးဖက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အဆင့်ဆင့်အယူခံဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ကွင်းလယ်ဖန်တီးရှင်ဒီဘရိုင်းကတော့ သူ့အနေနဲ့ အသင်းဘယ်အခြေအနေရောက်ရောက် စွန့်ခွာသွားဖို့မရှိဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။“ဒီသတင်းထွက်ပေါ်လာတုန်းက ကျွန်တော်တို့ အားလပ်ရက်ကာလဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့ပုံမှန်အတိုင်း ဘောလုံးကို အာရုံစိုက်ကစားနေပါပြီ။ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကတော့ ဒီလိုပါပဲ။ ကျွန်တော်တို့စိတ်ခံစားမှုကို ဦးစားပေးလို့မရနိုင်ပါဘူး။ ကျွန်တော်တို့ဟာ မန်စီးတီးဖြစ်ပါတယ်။ ဘာတွေပဲဖြစ်လာလာ ကျွန်တော်တို့အတူတကွရင်ဆိုင်သွားမှာပါ။ လက်ရှိကျွန်တော်တို့ ပြည်တွင်းဖလား ၂ လုံးနဲ့ ချန်ပီယံလိဂ်ဖလားအတွက် တိုက်ပွဲဝင်ရဖို့ရှိနေပါတယ်။ ဒါကို အဓိကအာရုံစိုက်ထားကြပါတယ်။တကယ်လို့ ချန်ပီယံလိဂ်မကန်ရတော့ဘူးဆိုရင်လည်း ကျွန်တော်အသင်းမှာပဲဆက်ရှိနေမှာပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်စေ ကျွန်တော်မန်စီးတီးနဲ့ တစ်သားထဲပါပဲ”လို့ ဒီဘရိုင်းက ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ ဒီရာသီမန်စီးတီးအတွက် ပရီးမီးယားလိဂ် ၂၅ ပွဲပါဝင်ကစားထားရာမှာတော့ သွင်းဂိုး ၂၅ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင်၈ဂိုးသွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၁၇ ဂိုး ဖန်တီးပေးထားခဲ့တာပါ။