premier league

အူဘာမီယန်းကို ခေါ်ယူဖို့အတွက် မန်ယူအသင်းကို တိုက်တွန်းလိုက်တဲ့ ပေါလ်မာဆွန်

Goal Goal > March 21, 2020

လက်ရှိမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆွန်ကတော့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ မန်ယူအသင်းမှာ လိုအပ်နေတဲ့ တိုက်စစ်မှူးမျိုးဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ တကယ်လို့ အူဘာမီယန်းကိုသာရရင် မန်ယူဟာ အင်အားပိုပြီးတောင့်တင်းသွားမယ်လို့လည်း သူက ဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်းဟာ ဒီနှစ်ရာသီအကုန်မှာ အသင်းပြောင်းတော့မယ်ဆိုပြီး သတင်းတွေ ခိုင်ခိုင်မာမာထွက်ပေါ်နေပါတယ်။ သူ့အပေါ် ဘာစီလိုနာအသင်းက အဓိက စိတ်ဝင်စားနေပြီး အခုတော့ မန်ယူအသင်းပါ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၃၁ နှစ်ထဲဖြစ်နေပြီဖြစ်တဲ့ အူဘာမီယန်းဟာ အာဆင်နယ်ကိုပြောင်းရွှေ့လာပြီးကတည်းက အကောင်းဆုံးခြေစွမ်းတွေကို ပြသထားသူဖြစ်ပြီး အသင်းခေါင်းဆောင်ရာထူးကို ရယူထားသူပါ။ ပြီးခဲ့တဲ့နှစ်မှာလည်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို မာနေး ၊ ဆာလက်တို့နဲ့အတူ ရယူနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ ဒီနှစ်မှာလည်း ၁၇ ဂိုးအထိ သွင်းပေးထားသူပဲ ဖြစ်ပါတယ်။ အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၁ အထိ စာချုပ်သက်တမ်းရှိပေမယ့် ဒီနှစ်အကုန်မှာ စာချုပ်မချုပ်ရင် အာဆင်နယ်အသင်းက သူ့ကို ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ လက်ရှိမှာ အူဘာမီယန်းအပေါ် အဓိက စိတ်ဝင်စားနေတာကတော့ ဘာစီလိုနာအသင်းဖြစ်ပြီး ဆွာရက်နေရာမှာ အစားထိုးချင်နေတာပါ။ အခုတော့ ပေါလ်မာဆွန်က အူဘာမီယန်းဟာ မန်ယူအသင်းအတွက် အရမ်းသင့်တော်တဲ့ တိုက်စစ်မှူးမျိုးဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ပေါလ်မာဆွန်က “ အူဘာမီယန်းက တစ်ရာသီကို ဂိုး ၂၀ ကျော်သွင်းပေးနိုင်တဲ့တိုက်စစ်မှူးမျိုးပါ။ မန်ယူအသင်းလိုအပ်နေတာကလည်း အဲ့ဒီလိုပါပဲ။ သူကဂိုးသွင်းမုဆိုးဖြစ်ပြီး ဒီလိုတိုက်စစ်မှူးတွေက တန်ဖိုးကြီးမားပါတယ်။ မန်ယူအသင်းအတွက်တော့ အူဘာမီယန်းက တကယ့်ကို သင့်တော်တဲ့တိုက်စစ်မှူးမျိုးပါ။ သူက မန်ယူအသင်းကို အင်အားတောင့်စေပါလိမ့်မယ်” လို့ ပေါလ်မာဆွန်က ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
သတင်းတွေအရတော့ အူဘာမီယန်းဟာ အာဆင်နယ်အသင်းကနေ ထွက်ခွါဖို့အတွက် စဉ်းစားနေပြီဖြစ်တယ်လို့ ဖော်ပြနေပါတယ်။ အာဆင်နယ်အသင်းကလည်း သူ့နေရာမှာ အစားထိုးဖို့အတွက် လေဗာကူဆင်တိုက်စစ်ကစားသမားလေး လီယွန်ဘိုင်လေကို စိတ်ဝင်စားလာခဲ့တာပါ။ ဒါကြောင့် အူဘာမီယန်းအပေါ် လက်လွှတ်ဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။
မန်ယူအသင်းကလည်း အသင်းရဲ့အထောင်တိုက်စစ်မှာ တိုက်စစ်မှူးစစ်စစ်မရှိတဲ့အတွက် ဈေးကွက်ထဲမှာ တိုက်စစ်မှူးကို ရှာဖွေနေတာပါ။ ဒါကြောင့်ပဲ သူတို့ဟာ အူဘာမီယန်းအပေါ် မျက်စိကျလာတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်ယူအပြင် အူဘာမီယန်းအပေါ် ဘာကာနဲ့ အင်တာတို့ကလည်း စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။