premier league

ဗန်ပါစီတုန်းကလို အူဘာမီယန်းကို ဆုံးရှုံးရမှာစိုးနေတဲ့ အာဆင်နယ်

Goal Goal > March 21, 2020

ဗန်ပါစီလိုအဖြစ်မျိုး အူဘာမီယန်းနဲ့ နောက်တစ်ကြိမ်ထပ်ကြုံရမှာ သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ အာဆင်နယ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ပေါလ်မာဆင်က ဝန်ခံသွားခဲ့ပါတယ်။ အသင်းခေါင်းဆောင် အူဘာမီယန်းဟာ အာဆင်နယ်ကနေ ထွက်ခွာဖို့ရှိနေတယ်လို့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့ပြီး သူ့ကို ပစ်မှတ်ထားနေတဲ့ အသင်းတွေထဲမှာတော့ ဘာစီလိုနာ၊ အင်တာမီလန်တို့နဲ့အတူ မန်ယူလည်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင် တိုက်စစ်မှူးဗန်ပါစီကို မန်ယူအသင်းဆီ ဆုံးရှုံးထားခဲ့ဖူးတာကြောင့် အခုတစ်ကြိမ်မှာလည်း ဒီလိုထပ်ဖြစ်မှာကို ပေါလ်မာဆင်က စိုးရိမ်နေခဲ့တာပါ။ ဗန်ပါစီဟာ အာဆင်နယ်ကနေ ပြိုင်ဖက် မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အူဘာမီယန်းဟာလည်း မန်ယူအတွက် တကယ်လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်ပြီး သူသာ မန်ယူရောက်သွားရင် အရမ်းကြောက်စရာကောင်းသွားမယ်လို့ ပေါလ်မာဆင်က သုံးသပ်သွားခဲ့ပါတယ်။
“အူဘာမီယန်းဟာ ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမန်ယူအသင်းရဲ့ လိုအပ်ချက်တစ်ခုဆိုရင်လည်း မမှားပါဘူး။ မန်ယူအသင်းရဲ့ခြေစွမ်းပိုင်း၊ အသင်းလိုက်စွမ်းဆောင်ရည်ပိုင်းဟာ သိသိသာသာ တိုးတက်လာနေပါတယ်။ လက်ရှိလူစာရင်းမှာ ဂရီးလစ်ရှ်လို ကစားသမားကောင်းတွေ ထပ်မံပေါင်းထည့်နိုင်မယ်ဆိုရင် အသင်းရဲ့ကွင်းလယ်ပိုင်းက ပြည့်စုံသလောက် ဖြစ်သွားပါလိမ့်မယ်။ မန်ယူကွင်းလယ်ကစားသမားတွေရဲ့ ဖန်တီးပေးပို့မှုပုံစံကလည်း အူဘာမီယန်း အကြိုက်တွေ့နိုင်မယ့် အနေအထားပါပဲ။
တစ်ရာသီ ၂၅ ဂိုးလောက် အနည်းလေးသွင်းနိုင်တဲ့ တိုက်စစ်မှူးမျိုးကို သူတို့လိုအပ်နေတာဖြစ်ပြီး အူဘာမီယန်းမှာလည်း ဒီလိုအရည်အသွေးတွေ ရှိနေပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ အူဘာမီယန်းကို အမြန်ဆုံးစာချုပ်သစ်ချုပ်ဆိုဖို့က အရေးကြီးနေပါပြီ။ ဗန်ပါစီလိုမျိုး နောက်တစ်ကြိမ် ဖြစ်သွားမှာ ကျွန်တော် စိတ်ပူနေမိပါတယ်” လို့ ပေါလ်မာဆင်က ပြောကြားခဲ့ပါတယ်။