premier league

အသက် ၁၄ နှစ်အရွယ်ကတည်းက ကွင်းလယ်စက်ဝိုင်းကနေ ဂိုးဘားတန်းထိအောင် ကန်ပြခဲ့တဲ့ ရွန်နေ

Goal Goal > March 23, 2020

မန်ယူနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဝိန်းရွန်နေဟာ ငယ်ရွယ်စဉ် ကလေးဘဝကတည်းက ဇရှိသူတစ်ယောက်ဖြစ်တယ်လို့ အဲဗာတန်ကွင်းလယ်ကစားသမားဟောင်း လီယွန်အော့စ်မန်က ပြောကြားခဲ့ပါတယ်။ ဝိန်းရွန်နေဟာ မန်ယူအသင်းမှာရော၊ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ အသက် ၁၆ နှစ်အရွယ်ကတည်းက အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ရှုံးပွဲမရှိစံချိန်တစ်ရပ်ကို ချိုးဖျက်ခဲ့ဖူးသူ ဝိန်းရွန်နေဟာ အသက် ၁၈ နှစ်အရွယ် ချန်ပီယံလိဂ်ပွဲဦးထွက်မှာပဲ ဟက်ထရစ် သွင်းယူခဲ့ဖူးသူပါ။
ရွန်နေဟာ ငယ်ရွယ်စဉ်ကလေးဘဝကတည်းက အကောင်းဆုံးခြေစွမ်းကို ပြသခဲ့သူတစ်ယောက်ဖြစ်တယ်လို့ အဲဗာတန်အသင်းမှာ သူနဲ့တွဲကစားခဲ့ဖူးတဲ့ ကွင်းလယ်လူ လီယွန်အော့စ်မန်က ဆိုပါတယ်။
“ဝိန်းရွန်နေဟာ အသက် ၁၄ နှစ်အရွယ် အသင်းကြီးနဲ့ ပထမဆုံးလေ့ကျင့်ခန်းစဆင်းကတည်းက ခြေစွမ်းပြကစားနိုင်သူ ဖြစ်ပါတယ်။ အဲဒီတုန်းကတည်းက သူဟာ ဘောလုံးကမ္ဘာရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်လာမယ်လို့ ကျွန်တော်တို့ အဲဗာတန်ကစားသမားတွေ သိရှိခဲ့ကြပါတယ်။
အသက် ၁၄ နှစ်အရွယ် အသင်းကြီးနဲ့ ပထမဆုံး ထရိန်နင်စဆင်းချိန်မှာပဲ သူဟာ လုံးဝအကြောက်အလန့် မရှိခဲ့ပါဘူး၊ ကွင်းလယ်စက်ဝိုင်းနားမှာ ဘောလုံးကိုတည်ပြီး ဂိုးဘားတန်းကို ထိအောင်ကန်ပြမယ်ဆိုပြီး သူ ပြောခဲ့တယ်၊ တကယ်လည်း ကွက်တိမှန်အောင် ကန်ပြခဲ့ပါတယ်။ အဲဒီကတည်းက သူဟာ နောင်တစ်ချိန် တကယ့်ကစားသမားကောင်းတစ်ယောက် ဖြစ်လာမယ်လို့ ကျွန်တော် သိရှိခဲ့ပါတယ်” လို့ အော့စ်မန်က ပြောကြားခဲ့ပါတယ်။