premier league

ကျွန်တော် မက်ဆီနဲ့ ဘက်ခမ်ကို အတုယူပြီး ကြိုးစားနေပါတယ် … (လင်ဂတ်)

Goal Goal > May 19, 2020

သူ့အနေနဲ့ ဒေးဗစ်ဘက်ခမ်နဲ့ လီယွန်နယ်မက်ဆီတို့ကို အတုယူပြီး အကောင်းဆုံးကြိုးစားလျက်ရှိနေတယ်လို့ မန်ယူတိုက်စစ်ကစားသမား ဂျက်စီလင်ဂတ်က ပြောကြားခဲ့ပါတယ်။ ၉၂ ရွှေရောင်မျိုးဆက်များဖြစ်တဲ့ ဘက်ခမ်နဲ့ ပေါလ်စခိုးလ်တို့လို ကစားသမားကြီးတွေဟာ သူ့ရဲ့ငယ်ဘဝ idol တွေဖြစ်သလို မက်ဆီကိုလည်း သူ့အနေနဲ့ အားကျအတုယူမိတယ်လို့ လင်ဂတ်က ဆိုပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်စီလင်ဂတ်ဟာလည်း မန်ယူအကယ်ဒမီထွက်တစ်ဦးပဲဖြစ်ပြီး ထူးထူးကဲကဲ ခြေစွမ်းပြကစားခဲ့တဲ့ ကာလတွေရှိခဲ့ပေမယ့်လည်း ခြေစွမ်းမတည်ငြိမ်မှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။ လင်ဂတ်ဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အချိန်စောင့်ဆိုင်းခဲ့ရပေမယ့်လည်း လက်ရှိအချိန်မှာတော့ မန်ယူအသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားခဲ့ပြီးဖြစ်သလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၂၉ ပွဲတိတိ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ဖြစ်ပါတယ်။
“ရော်နယ်ဒင်ဟို၊ အင်နီယေစတာနဲ့ လီယွန်နယ်မက်ဆီတို့ရဲ့ ကစားပုံတွေကို ကျွန်တော် ကြိမ်ဖန်များစွာ ကြည့်ရှုဖြစ်ခဲ့ပါတယ်။ အဲ့ဒီထက်ပိုပြီး ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်၊ ဘက်ခမ်၊ နစ်ကီဘတ်၊ နဗီးလ်ညီနောင်တို့လို ၉၂ မျိုးဆက်တွေက ကျွန်တော့်အပေါ် လွှမ်းမိုးမှုများခဲ့ပါတယ်။ သူတို့ကစားပုံတွေကို အကြိမ်ကြိမ် အဖန်ဖန်လေ့လာပြီး ကျွန်တော့်ရဲ့ ခြေစွမ်းတိုးတက်လာအောင် ကျွန်တော် အမြဲမပြတ်ကြိုးစားနေပါတယ်။ သူတို့အားလုံးဟာ တကယ့်ထိပ်သီးကစားသမားတွေဖြစ်ပြီး သူတို့ဆီက ကျွန်တော် အများကြီး သင်ယူစရာတွေ ရှိနေပါသေးတယ်” လို့ လင်ဂတ်က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ဂျက်စီလင်ဂတ်ဟာ မန်ယူအသင်းနဲ့အတူ ၂၀၂၁ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး တစ်နှစ ်ထပ်မံသက်တမ်းတိုးခွင့်လည်း လက်ရှိစာချုပ်ထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။