premier league

ဂရင်းဝုဒ်ကတော့ ဗန်ပါစီလက်သစ်ပါပဲ … (လုခ်ရှောလ်)

Goal Goal > May 21, 2020

မန်ယူအသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး မေဆန်ဂရင်းဝုဒ်ဟာ ဆယ်ကျော်သက်အရွယ်မှာပဲ အသင်းကြီးအတွက် ပွဲထွက်ကစားပြီး ခြေစွမ်းပြ ဂိုးတွေသွင်းယူလျက်ရှိနေပါတယ်၊ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ဒီရာသီ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ပွဲထွက်ပါဝင်ကစားခဲ့ပြီး နောက်ထပ် ပွဲ ၂၀ လူစားဝင်ကစားခဲ့ပြီးချိန်မှာ သွင်းဂိုး ၁၂ ဂိုး ရယူူထားခဲ့ပြီ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ရဲ့ခြေစွမ်းနဲ့ ဘောလုံးအယူအဆတွေဟာ အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ ရော်ဘင်ဗန်ပါစီနဲ့ အတော်လေး နီးနီးစပ်စပ်ဆင်တူနေတယ်လို့ အသင်းဖော်နောက်ခံလူ လုခ်ရှောလ်က သုံးသပ်သွားခဲ့ပါတယ်။
“ဂရင်းဝုဒ်ဟာ ဂိုးတွေသွင်းဖို့အတွက် သီးသန့်မွေးဖွားလာသူပါ၊ အသင်းကြီးအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရတဲ့ ဘောလုံးရာသီမှာပဲ သူဟာ ခြေစွမ်းပြဂိုးတွေသွင်းယူလျက်ရှိနေပါတယ်။ ဒီရာသီမှာဆိုရင် သူဟာ ပုံမှန်ပွဲထွက်ခွင့်မရသေးဘဲ လူစားဝင်ကစားရတာ ပိုများနေပေမယ့် သူ့ရဲ့ဂိုးသွင်းမှတ်တမ်းက အထင်ကြီးလေးစားစရာပဲ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်မှာ ဒီလိုခြေစွမ်းပြ ဂိုးတွေသွင်းနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ သူ့အနေနဲ့ သင်ယူစရာတွေ များစွာရှိနေသေးတယ် ဆိုပေမယ့်လည်း သူဟာ တက်တက်ကြွကြွနဲ့ အလုပ်ကြိုးစားတတ်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်တာကြောင့် အချိန်တိုအတွင်းမှာပဲ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်။
သူ့ရဲ့ကစားဟန်ကို ကြည့်မယ်ဆိုရင်လည်း နာမည်ကျော်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရော်ဘင်ဗန်ပါစီနဲ့ အတော်လေးကို နီးနီးစပ်စပ် ဆင်တူနေတာ တွေ့ရပါလိမ့်မယ်။ ဘယ်ခြေညာခြေနှစ်မျိုးစလုံးကို ဆတူအသုံးပြုနိုင်တာလည်း သူ့ရဲ့အားသာချက်တစ်ရပ်ပါပဲ” လို့ လုခ်ရှောလ်က သုံးသပ်သွားခဲ့ပါတယ်။
လက်ရှိမှာတော့ ဂရင်းဝုဒ်နဲ့ လုခ်ရှောလ် အပါအဝင် မန်ယူကစားသမားများဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး မကြာမီ ပြန်လည်စတင်နိုင်ဖွယ်ရှိတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်လျက်ရှိနေပါတယ်။