Global

မက်ဂွိုင်းယားဟာ မန်ယူရဲ့ဗန်ဒိုက်စ်ပါပဲ … (ဂျွန်နီအီဗန်စ်)

Goal Goal > August 13, 2019

လက်စတာကနေ မန်ယူအသင်းကို (နောက်ခံလူတစ်ယောက်အတွက်) စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူ မက်ဂွိုင်းယားဟာ ပွဲဦးထွက်မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မက်ဂွိုင်းယားဟာ အသင်းမှာ ဒီထက်မက ခြေစွမ်းပြဦးမှာဖြစ်တယ်လို့ မန်ယူနောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ အီဗန်စ်က မှတ်ချက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ မန်ယူအသင်းရဲ့ ခံစစ်ကြောင်းဟာ အတော်လေး အခြေအနေ ဆိုးရွားခဲ့တဲ့အတွက် မက်ဂွိုင်းယားကို အခုလို ခေါ်ယူအားဖြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းယားဟာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်စ်လိုမျိုး အသင်းကို အကောင်းဆုံး အကျိုးပြုနိုင်လိမ့်မယ်လို့လည်း အီဗန်စ်က ဟောကိန်းထုတ်ခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ မန်ယူက ချယ်လ်ဆီးကို လေးဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်က ချီးမြှင့်တဲ့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

“မက်ဂွိုင်းယားနဲ့ ဗန်ဒိုက်စ်ဟာ အရည်အသွေးပိုင်းမှာ သိပ်မကွာလှပါဘူး။ ခံစစ်ကြောင်းတစ်ခုလုံးကို အကောင်းဆုံး ကွပ်ကဲနိုင်သူတွေပဲဖြစ်သလို ဘောလုံးကို သက်သောင့်သက်သာ ကိုင်ကစားပြီး တိုက်စစ်ကို လိုက်ပါပံ့ပိုးနိုင်သူတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အမြင့်ဘောနဲ့ ပတ်သက်လာရင်လည်း လှည့်ကြည့်စရာ မလိုလောက်အောင် စိတ်ချရတဲ့သူတွေပါပဲ။ မက်ဂွိုင်းယားဟာ မန်ယူအသင်းရဲ့ လိုအပ်ချက်နဲ့ ကွက်တိကျတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့ကို ခေါ်ယူနိုင်ခဲ့တာဟာ အသင်းအတွက် အများကြီး အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။

ပြောရမယ်ဆိုရင်တော့ သူဟာ မန်ယူရဲ့ဗန်ဒိုက်စ်ပါပဲ။ ဗန်ဒိုက်စ်ကို ရရှိခဲ့ပြီးနောက် လီဗာပူးအသင်း အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်လာခဲ့သလို အခုမက်ဂွိုင်းယားဟာလည်း မန်ယူရဲ့ အဓိကကစားသမား ဖြစ်လာပါလိမ့်မယ်”လို့ အီဗန်စ်က သုံးသပ်သွားခဲ့ပါတယ်။ မန်ယူနောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ဂျွန်နီအီဗန်စ်ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီတုန်းက လက်စတာအသင်းမှာ မက်ဂွိုင်းယားနဲ့ တွဲကစားခဲ့သူ ဖြစ်ပါတယ်။