Global

ကိုဆိုဗိုနဲ့ပွဲက သွင်းဂိုးနှစ်ဂိုးဟာ ကွယ်လွန်သွားတဲ့ အဖွားဖြစ်သူအတွက် ရည်စူးပါတယ်ဆိုတဲ့ ဆန်ချို

Goal Goal > September 11, 2019

ကိုဆိုဗိုနဲ့ပွဲမှာ အင်္ဂလန်အတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် သွင်းဂိုးတွေစတင်ရရှိခဲ့တဲ့အတွက် အထူးပဲကျေနပ်ပျော်ရွှင်မိကြောင်း လူငယ်တောင်ပံကစားသမား ဆန်ချိုက ပြောကြားခဲ့ပါတယ်။ အင်္ဂလန်က ကိုဆိုဗိုကို ၅-၃ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာတော့ ဆန်ချိုခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ စတာလင်ရဲ့ ဘောလုံးပေးပို့မှုနှစ်ကြိမ်ကနေ ဆန်ချိုက နှစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဆန်ချိုဟာ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာမွေးဖွားခဲ့တဲ့ ကစားသမားတွေထဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၄ ခုနှစ်၊ ဝိန်းရွန်နေနောက်ပိုင်း လက်ရွေးစင်အသင်းအတွက် တစ်ပွဲထဲမှာ နှစ်ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

“စတာလင်က တကယ်တော်တဲ့ကစားသမားတစ်ယောက်ပါ။ အသင်းဖော်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ပေးပို့မှုတွေက တကယ်ကိုကောင်းမွန်ခဲ့ပြီး ကျွန်တော်ကလည်း အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်ရော၊ မိသားစုအတွက်ပါ တကယ်ပျော်စရာကောင်းတဲ့နေ့တစ်နေ့ပါပဲ။ ဒီဂိုးတွေဟာ ကျွန်တော်ဘောလုံးကန်တာကို လှိုက်လှိုက်လှဲလှဲအားပေးခဲ့တဲ့ ကျွန်တော့်အဖွားအတွက် ရည်ညွှန်းပါတယ်။ သိပ်ဝမ်းနည်းစရာကောင်းတာတစ်ခုက အဖွားဆုံးသွားခဲ့ပါပြီ၊ ဒီဘဝမှာ ကျွန်တော်အင်္ဂလန်အတွက် ဂိုးတွေသွင်းတာ သူမမြင်လိုက်ရပါဘူး”လို့ ဆန်ချိုက ပြောကြားခဲ့ပါတယ်။ကိုဆိုဗိုကို အနိုင်ရခဲ့တဲ့ပွဲနဲ့ပတ်သက်ပြီး ဆန်ချိုက “တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲတစ်ပွဲပါပဲ၊ ကျွန်တော်တို့ အမှားတွေကျူးလွန်မိခဲ့ပြီး ပွဲအစမှာပဲ ဦးဆောင်ဂိုးပေးခဲ့ရတယ်၊ ဒါပေမယ့် ကျွန်တော်တို့အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ နည်းနည်းကစားအား လျော့သွားပါတယ်။ နောက်ပွဲတွေမှာ ဒီထက်ပိုကောင်းအောင် ကျွန်တော်တို့ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။