Global

ကျွန်တော်တစ်ယောက်ထဲ ကောင်းနေတာမဟုတ်ပါဘူး၊ တစ်သင်းလုံးကောင်းလို့နိုင်တာပါဆိုတဲ့ စတာလင်

Goal Goal > September 11, 2019

အင်္ဂလန်အသင်း ရလဒ်ကောင်းတွေရရှိနေတာဟာ တစ်ဦးတစ်ယောက်ကြောင့်မဟုတ်ဘဲ တစ်သင်းလုံးကောင်းလို့ဖြစ်တယ်လို့ စတာလင်က ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အတွက် ကစားခဲ့တဲ့ နောက်ဆုံးနှစ်ပွဲမှာ ကိုယ်တိုင် ၂ ဂိုးသွင်းယူပြီး အသင်းဖော်တွေကို ၄ ဂိုးဖန်တီးပေးထားခဲ့တဲ့ စတာလင်ကိုတော့ အသင်းဖော်တွေ၊ မီဒီယာတွေနဲ့ ပရိသတ်တွေအားလုံးက ဝိုင်းဝန်းချီးကျူးနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် စတာလင်ကတော့ အခုလို အင်္ဂလန်အသင်း ရလဒ်တွေကောင်းမွန်နေခဲ့တာဟာ သူတစ်ယောက်ထဲကြောင့်မဟုတ်ဘဲ တစ်သင်းလုံးကြိုးစားမှုရဲ့ ရလဒ်ဖြစ်တယ်လို့ဆိုပါတယ်။“လက်ရှိ ကျွန်တော်တို့အသင်းရဲ့ ကစားသမားအင်အားက တကယ်ကြောက်စရာကောင်းနေပါတယ်။ တစ်နေရာစီမှာ အကောင်းဆုံးကစားသမားနှစ်ယောက်၊ သုံးယောက်လောက် ရှိနေတာပါ။ ပြိုင်ပွဲတစ်ရပ်မှာ ဗိုလ်စွဲနိုင်ဖို့အတွက် ဒီလိုကစားသမားအင်အားမျိုး လိုအပ်ပါတယ်။ ပိုပြီးအားရစရာကောင်းတာက ကစားသမားတစ်ယောက်စီတိုင်းရဲ့ ကြိုးစားအားထုတ်မှုပါပဲ။ တစ်ဦးချင်းစီရဲ့ကြိုးစားမှုက အမြင့်ဆုံးအနေအထားမှာရှိနေပါတယ်။ ဒါကြောင့်လည်း ရလဒ်ကောင်းတွေ၊ နိုင်ပွဲတွေကို ဆက်တိုက်ပုံဖော်နိုင်ခဲ့တာပါ။ကျွန်တော့်ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ အားပေးချီးကျူးခဲ့ကြသူ တစ်ယောက်စီတိုင်းကို အထူးပဲကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်တော်တစ်ယောက်ထဲကောင်းလို့ဆိုတာထက် တစ်သင်းလုံးရဲ့ ကြိုးစားမှုရလဒ်တွေပါ။ အားလုံးကိုယ့်တာဝန်ကိုယ်ကျေခဲ့ကြလို့ပါပဲ”လို့ စတာလင်က ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု A မှာ လေးပွဲကစား၊ လေးပွဲစလုံး အနိုင်ရရှိထားပြီး အုပ်စုကို ဦးဆောင်လျက်ရှိနေပါတယ်။