Global

နေမာအတွက် ကလပ်နှစ်ခုကြားဆွေးနွေးမှုဟာ ပြီးဆုံးသွားတာမဟုတ်ပါဘူးလို့ဆိုလိုက်တဲ့ နေမာဖခင်

Goal Goal > September 11, 2019

နေမာရဲ့ဖခင်ကတော့ သူ့သားဟာ ဘာကာအသင်းကို ပြန်ချင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် PSG နဲ့ ဘာကာကြားမှာလည်း ဆွေးနွေးညှိနှိုင်းမှုတွေက ထာဝရပြီးဆုံးသွားတာမဟုတ်ဘဲ ဆက်လက်ရှိလာဦးမှာဖြစ်တယ်လို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။ ဒီနှစ်ရာသီအပြောင်းအရွှေ့ကာလမှာ PSG ဥက္ကဋ္ဌနဲ့ ပြဿနာဖြစ်ပွါးမှုနဲ့အတူ နေမာဟာ ဘာစီလိုနာကိုပြန်ဖို့ အားထုတ်ကြိုးစားခဲ့ပါတယ်။ သူဟာ အသင်းမှာ မပျော်တော့ဘူးလို့ နီးစပ်သူတွေဆီ ဝန်ခံပြောဆိုခဲ့သလို ဘာကာအသင်းအနေနဲ့ သူ့ကိုပြန်ခေါ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်းသိရပါတယ်။ ဒါကြောင့် ဘာကာအသင်းကလည်း သူ့ကိုခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် PSG အသင်းဘက်က တောင်းဆိုတဲ့ အချက်တွေကို လိုက်လျောနိုင်ခြင်းမရှိတာကြောင့် ဆွေးနွေးမှုတွေကအောင်မြင်ခြင်းမရှိခဲ့တာပါ။ PSG ဟာ နေမာကို သူတို့ခေါ်ခဲ့တဲ့ ယူရို ၂၂၂ သန်းနီးပါးလောက်ပြန်ရမှ ရောင်းချင်တာပါ။ ဒါ့အပြင် ကစားသမားအလိုက်တောင်းဆိုမှုမှာလည်း ညှိနှိုင်းမှုတွေက အဆင်မပြေဖြစ်ခဲ့တာပါ။ PSG ဘက်ကတော့ သူတို့အနေနဲ့ နေမာအတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်ဖို့အသင့်ပဲလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ နေမာဟာ အခုတော့ ဘရာဇီးအသင်းနဲ့ ပူးပေါင်းနေပါတယ်။ သူဟာ ကလပ်အသင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းမှာဖြစ်ပေမယ့်လည်း ပွဲထွက်ခွင့်ရဖို့တော့ မသေချာသေးတာပါ။ PSG နည်းပြ တူချယ်ကိုယ်တိုင်ကလည်း နေမာရဲ့အပြောင်းအရွှေ့ကိစ္စတွေကို မရှင်းလင်းသေးသရွေ့ ပွဲထွက်ခွင့်ပေးဖို့မသေချာသေးဘူးလို့ ဆိုခဲ့ပါတယ်။ဒါကြောင့် နေမာရဲ့အနာဂတ်က ခက်ခဲနေတာပါ။ နေမာဟာ PSG မှာ ၃ နှစ်စာချုပ် ကျန်နေသေးတာပါ။ ဒါကြောင့် ဘာကာအနေနဲ့ နေမာကိုခေါ်ဖို့အတွက် အနည်းငယ်တော့ ခက်ခက်ခဲခဲ ကြိုးစားရဖွယ်ရှိနေပါတယ်။ အခုတော့ နေမာရဲ့ဖခင်က PSG နဲ့ ဘာကာကြားမှာ နေမာနဲ့ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ထပ်လုပ်ဦးမှာလို့ ဆိုခဲ့ပါတယ်။ နေမာရဲ့ဖခင်က “ကလပ်နှစ်သင်းကြား ဆွေးနွေးမှုက လုံးဝမပြီးဆုံးသေးပါဘူး။ နေမာက သူပျော်တဲ့နေရာမှာပဲ ကစားချင်ပါတယ်။ သူက ဘာစီလိုနာမှာ အရမ်းကိုပျော်ခဲ့တာပါ။ သူ့သူငယ်ချင်းတွေက သူ့ကို ဘာကာအသင်းကို ပြန်လာမလားလို့မေးချိန်မှာ သူ ဝမ်းနည်းခဲ့ရပါတယ်။ အေးဂျင့်တစ်ယောက်အနေနဲ့ရော အဖေတစ်ယောက်အနေနဲ့ပါ သူ့အတွက် အဆင်ပြေအောင် မလုပ်ပေးနိုင်တဲ့အတွက် ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ သူ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေးက မပါဝင်ပါဘူး။ ဒါက သူ့ကိုခေါ်ယူဖို့ ခက်ခဲနေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်ရဖို့အတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။ သူ့အတွက် အကောင်းဆုံးလုပ်ဆောင်ပေးသွားမှာပါ” လို့ နေမာရဲ့ဖခင်ဖြစ်သူက ပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။