Global

ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံးမှန်းသိသာနေပါပြီ၊ ငြင်းမနေကြပါနဲ့တော့ဆိုတဲ့ ပေါ်တူဂီနည်းပြ

Goal Goal > September 11, 2019

ပေါ်တူဂီအသင်းအတွက် ဟက်ထရစ် ၈ ကြိမ်သွင်းယူနိုင်ခဲ့သူ ရော်နယ်ဒိုကို နည်းပြဆန်းတို့စ်က ချီးကျူးလိုက်ပါတယ်။ ပေါ်တူဂီက လစ်သူရေးနီးယားကို ၁-၅ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာတော့ ရော်နယ်ဒိုတစ်ဦးတည်းက လေးဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ထိ အကောင်းဆုံးဂိုးသွင်းစွမ်းရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးဆိုတာ ထင်ရှားနေပြီမို့ ထပ်မငြင်းကြဖို့ ဆန်းတို့စ်က ပြောကြားလိုက်ပါတယ်။

“လစ်သူရေးနီးယားနဲ့ပွဲမှာ ရော်နယ်ဒိုရဲ့ခြေစွမ်းကတော့ တကယ့်ကိုအံ့မခန်းပါပဲ။ ဒါဟာ ဘယ်သူကမ္ဘာ့အကောင်းဆုံးလဲဆိုတာကို ထင်ထင်ရှားရှားနဲ့ ရှင်းရှင်းလင်းလင်းပြလိုက်တာပါ။ ရောက်လေရာမှာ လက်ခုပ်သံတွေအပြည့်နဲ့ ကြိုဆိုခံရတာ ရော်နယ်ဒိုတစ်ယောက်ပဲရှိပါတယ်။ ကျွန်တော်တို့ပြင်သစ်မှာတုန်းက အသင်းတည်းခိုတဲ့ဟိုတယ်ကို ရော်နယ်ဒိုပရိသတ်တစ်သောင်းကျော် ရောက်လာခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အကောင်းဆုံးကစားသမားဖြစ်နေလို့ပါပဲ။ ရော်နယ်ဒို ဂိုးမသွင်းနိုင်တဲ့အခါတွေမှာ ရော်နယ်ဒိုခေတ်ကုန်သွားပြီတို့ဘာတို့ တချို့ကပြောဆိုလေ့ရှိကြပါတယ်။ ဒီလိုလူမျိုးတွေအနေနဲ့ အထူးသတိထားသင့်တာတစ်ခုက အခုအသက် ၃၄ နှစ်အရွယ်ထိ ရော်နယ်ဒိုရဲ့ခြေစွမ်းဟာ လုံးဝကျဆင်းသွားမယ့် အရိပ်အယောင်မရှိသေးဘူးဆိုတာပါပဲ”လို့ နည်းပြဆန်းတို့စ်က ပြောကြားခဲ့ပါတယ်။လစ်သူရေးနီးယားကို ၄ ဂိုးသွင်းယူခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ လက်ရွေးစင်ကစားသမားဘဝ သွင်းဂိုးအရေအတွက်ဟာ ၉၃ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ လက်ရှိလက်ရွေးစင်ကစားသမားတွေထဲမှာ အများဆုံးပမာဏတစ်ခုဖြစ်ပြီး လက်ရွေးစင်သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ အီရန်တိုက်စစ်မှူး အလီဒါယီရဲ့ ၁၀၆ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ လက်ရွေးစင်ကစားသမားဘဝ ၈ ကြိမ်မြောက်ဟက်ထရစ်ရရှိခဲ့တဲ့ မှတ်တမ်းတစ်ရပ်ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။