Global

တစ်ဦးချင်း ဆုတံဆိပ်တွေရဖို့ မရှင်သန်ဘဲ အသင်းလိုက် အောင်မြင်မှုသာ ဒိုလေးလိုလား

Goal Goal > September 11, 2019

ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုက သူ့အနေနဲ့ ကစားသမားဘဝ တစ်ဦးချင်း ဆုတံဆိပ်တွေထက် အသင်းလိုက် အောင်မြင်မှုကိုသာ လိုလားကြောင်း အသိပေး ပြောကြားလာပါတယ်။ စီရိုနယ်ဒိုဟာ ဘော်လွန်းဒီအော်ဆုကို ၅ ကြိမ် ပိုင်ဆိုင်ထားပြီး ချန်ပီယံလိဂ်ဆုဖလားကိုလည်း ၅ ကြိမ် ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ တစ်ဦးချင်းဆုတံဆိပ်များစွာ ရထားပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သလို ချန်ပီယံလိဂ်ဘုရင်ကစားသမား ဖြစ်နေပါတယ်။ စီရိုနယ်ဒိုဟာ အင်္ဂလန်၊ စပိန်နဲ့ အီတလီမှာလည်း ပြည်တွင်းဖလားတွေ သိမ်းပိုက်နိုင်ကာ နိုင်ငံအသင်းအတွက် ကစားရင်း ယူရိုချန်ပီယံဆုကိုလည်း လက်ဝယ်ရခဲ့ပါသေးတယ်။ စီရိုနယ်ဒိုဟာ ဒီနှစ် ဘော်လွန်းဒီအော်ဆု ဆန်ဒါတင်စာရင်းမှာ မက်ဆီ၊ ဗန်ဒစ်တို့နဲ့ အတူ ရွေးချယ်ခံထားရပါတယ်။

စီရိုနယ်ဒို ဟာ ၂၀၁၈-၁၉ ရာသီမှာ ချန်ပီယံလိဂ် မရပေမယ့် စကူဒက်တိုဆု ရခဲ့တဲ့အပြင် နိုင်ငံအသင်းနဲ့ နေးရှင်းလိဂ်ရခဲ့ပါတယ်။ သူဟာ ဒီနှစ် ဘော်လွန်းဒီအော်ဆုကို ရမယ်လို့လည်း ရေပန်းစားနေပါတယ်။ စီရိုနယ်ဒိုဟာ ဒီနှစ် ဆုထပ်ရရင် ဘော်လွန်းဒီအော်ဆု ၆ ကြိမ် ပိုင်ဆိုင်လာမှာပါ။ စီရိုနယ်ဒိုဟာ လစ်သူယေးနီးယားကို အနိုင်ရတဲ့ ယူရိုခြေစစ်ပွဲမှာ ၄ ဂိုးသွင်းခဲ့ပြီး ရော်ဘီကိန်းရဲ့ ယူရိုခြေစစ်ပွဲ ဂိုးအများဆုံးစံချိန်ကို တစ်ဂိုး အသာ ၂၄ ဂိုးရကာ စံချိန်တင်နိုင်ခဲ့တယ်။ သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုးအရေအတွက်က ၉၃ ဂိုး ရှိလာပြီး နိုင်ငံတကာ ဂိုးအများဆုံး ဒုတိယနေရာ ရပ်တည်နေတယ်။ စီရိုနယ်ဒိုက သူ့အနေနဲ့ အသင်းအောင်မြင်ဖို့သာ ကူညီပေးဖို့ အမြဲတွေးကြောင်း ပြောကြားခဲ့ပါတယ်။

စီရိုနယ်ဒိုက ” ကျွန်တော် အမြဲပြောဖူးပါတယ်။ တစ်ဦးချင်း အောင်မြင်မှု ဆုတံဆိပ်တွေအကြောင်းကို ကျွန်တော် မစဉ်းစားပါဘူး။ အသင်းလိုက် ကစားအားနဲ့ နိုင်တာပါ (လစ်သူယေးနီးယားပွဲကို ဆိုလို)။ မလိမ်ချင်ပါဘူး။ အရေးအကြီးဆုံးလို့ ခံယူထားတာက အသင်းကို ကူညီပေးဖို့ပါ။ ဆားဘီးယားပွဲမှာ ဂိုးသွင်းခဲ့သလို အခု ၄ ဂိုး သွင်းနိုင်တယ်။ နိုင်ငံအသင်းကို ဆက်လက်ပြီး ကူညီသွားမယ် ” လို့ ဆိုပါတယ်။