Global

အမ်ဘာပေကို တစ်နှစ်လစာ သန်းငါးဆယ်နဲ့ သက်တမ်းတိုးမယ့် PSG

Goal Goal > February 14, 2020

PSGအသင်းဟာ သူတို့ရဲ့လူငယ်တိုက်စစ်မှူးလေးအမ်ဘာပေကို စံချိန်တင်လစာငွေနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။ PSG နဲ့ အမ်ဘာပေတို့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၂ ခုနှစ်ကျမှ ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း ရီးယဲလ်မက်ဒရစ်အသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့ပြီဖြစ်တာကြောင့် PSGဖက်ကလည်း သက်တမ်းထပ်တိုးဖို့ ကြိုးပမ်းလာခဲ့တာပါ။ အမ်ဘာပေကတော့ အသင်းနဲ့ နှစ်နှစ်ကျော် စာချုပ်သက်တမ်းကျန်ရှိနေသးတာကြောင့် သက်တမ်းတိုးဖို့ အလျင်မလိုဘူးလို့ အကြောင်းပြခဲ့ပြီး PSG အသင်းရဲ့ ကမ်းလှမ်းမှုနှစ်ကြိမ်ကို ငြင်းဆန်ထားခဲ့ပါတယ်။အမ်ဘာပေဟာ ဒီနှစ်ဘောလုံးရာသီ PSG အသင်းမှာ အထူးခြေစွမ်းပြကစားလျက်ရှိနေပြီး ပြိုင်ပွဲစုံ ၂၈ ပွဲပါဝင်ကစားခဲ့ရာမှာတော့ ဂိုး ၄၀ ထိရအောင် စွမ်းဆောင်ပေးထားခဲ့ပါတယ်။ ကိုယ်တိုင် ၂၄ ဂိုးသွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၁၆ ဂိုးဖန်တီးပေးထားခဲ့တာပါ။ သူဟာ ဒဏ်ရာပြဿနာကြောင့် တစ်လလောက်အနားယူခဲ့ရသေးတာကို ထည့်စဉ်းစားမယ်ဆိုရင် ဒီနှစ်ဘောလုံးရာသီ အမ်ဘာပေရဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုအရေအတွက်က တကယ်ကို ချီးကျူးစရာကောင်းနေခဲ့တာပါ။အသက် ၂၁ နှစ်အရွယ်မှာပဲ အကောင်းဆုံးခြေစွမ်းကို ပြသနေပြီး သူ့အသက်အရွယ်တန်းထဲမှာ ချွင်းချက်မရှိ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိနေသူ အမ်ဘာပေကို ဆက်ထိန်းထားဖို့ PSG အသင်းက ကြိုးပမ်းလာခဲ့ပါတယ်။ အခုတတိယအကြိမ်ကမ်းလှမ်းမှုကတော့ တစ်နှစ်လုပ်ခ ယူရိုသန်းငါးဆယ်အထိ အသားတင်ပေးအပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ဒါဟာ အတော်လေးကိုမြင့်မားတဲ့ လစာနှုန်းထားတစ်ရပ်ဖြစ်တာကြောင့် အမ်ဘာပေအနေနဲ့ ငြင်းဆန်ဖို့ ခက်ခဲဖွယ်ရှိတယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ PSG အသင်းအနေနဲ့ ဒီနေ့ဘောလုံးကမ္ဘာရဲ့ အထွန်းတောက်ဆုံးလို့သတ်မှတ်ရမယ့် လူငယ်ကြယ်ပွင့်လေးအမ်ဘာပေကို မြင့်မားတဲ့လစာငွေနဲ့ ဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတာကိုတော့ ကျွန်တော်တို့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။