Global

ကျွန်တော် လီဗာပူးမှာ ကစားခွင့်ရဖို့ ထိုက်တန်ပြီလားလို့ သံသယဖြစ်နေတုန်းပါပဲ… (တီမိုဝါနာ)

Goal Goal > February 20, 2020

RB လိုက်ပဇစ်အသင်းရဲ့ တိုက်စစ်မှူးတီမိုဝါနာဟာ လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိနေပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးဟာ ဒီနှစ်ဘောလုံးရာသီ လိုက်ပဇစ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲပါဝင်ကစားထားရာမှာတော့ သွင်းဂိုး ၃၆ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၂၆ ဂိုးသွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၁၀ ဂိုးဖန်တီးပေးထားခဲ့တာပါ။အခုလို အထူးခြေစွမ်းပြ ဂိုးတွေသွင်းယူနေတဲ့ တီမိုဝါနာကို ပရီးမီးယားလိဂ်ထိပ်တန်းကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့လီဗာပူးတို့က စိတ်ဝင်စားလာခဲ့ပြီး နောက်ပိုင်းမှာ လီဗာပူးနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။ အခုလို လီဗာပူးအသင်းရဲ့ စိတ်ဝင်စားမှုအတွက် သူ့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိကြောင်း တီမိုဝါနာက ပြောကြားခဲ့ပါတယ်။“လက်ရှိအချိန်မှာ လီဗာပူးဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းပါပဲ။ ဒီလိုအသင်းတစ်သင်းက ကျွန်တော့်ကိုစိတ်ဝင်စားနေတယ်ဆိုခြင်းဟာ အတော်လေးကို ဂုဏ်ယူစရာကောင်းတဲ့ကိစ္စပါ။ ကျွန်တော် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒါပေမယ့် လက်ရှိလီဗာပူးအသင်းမှာ ကစားသမားကောင်းတွေ များစွာရှိနေပါတယ်။ ကျွန်တော်ဟာ သူတို့လိုအဆင့်မျိုး ရောက်နေပြီလားဆိုတာ ကိုယ့်ကိုယ်ကိုသံသယရှိပါတယ်။ ကျွန်တော်အများကြီးကြိုးစားရပါဦးမယ်။ ဒီလိုအသင်းမျိုးမှာ ဒေါင်ဒေါင်မြည်ကစားနိုင်တဲ့အဆင့်မျိုးရောက်အောင်ပေါ့။ လောလောဆယ်မှာတော့ ကျွန်တော် လီဗာပူးကစားသမားတစ်ယောက်ဖြစ်လာဖို့ ထိုက်တန်ရဲ့လားလို့ ကိုယ့်ကိုယ်ကို သံသယရှိနေတုန်းပါပဲ”လို့ တီမိုဝါနာက ပြောကြားခဲ့ပါတယ်။