Global

ပေါ့ဘာပြန်လာဖို့ နည်းနည်းတော့ကြာဦးမယ်ဆိုတဲ့ ဆိုးလ်ရှား

Goal Goal > February 20, 2020

ဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ ကွင်းလယ်ကစားသမားပေါ့ဘာဟာ အသင်းအတွက် အမြန်ဆုံးပြန်ကစားပေးချင်နေပေမယ့်လည်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့တော့ နည်းနည်းကြာဦးမယ်လို့ နည်းပြဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။ ပေါ့ဘာအနေနဲ့ ဒီတစ်ပတ်မှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်မယ်လို့ မကြာသေးမီက နည်းပြဆိုးလ်ရှားကပြောကြားခဲ့ပေမယ့်လည်း သူ့စကားကို သူကိုယ်တိုင်ပြန်လည်ပြင်ဆင်သွားခဲ့တာဖြစ်ပါတယ်။ ဒီရာသီ မန်ယူအတွက် ပြိုင်ပွဲစုံ၈ပွဲသာ ပါဝင်ကစားရသေးတဲ့ ပေါ့ဘာဟာ အသင်းအတွက် ဝင်မကန်ပေးချင်တဲ့အတွက် ဒဏ်ရာကိုအကြောင်းပြနေတယ်လို့ ပရိသတ်တချို့ကယုံကြည်နေပြီး အခုဆိုးလ်ရှားရဲ့ပြောဆိုမှုကြောင့် အဆိုပါသံသယတွေ ပိုမိုကြီးထွားလာဖွယ်ရှိနေပါတယ်။“ပေါ့ဘာ အခုထိ လေ့ကျင့်ခန်းမဆင်းနိုင်သေးပါဘူး။ လက်ရှိ သူ့ရဲ့ကြံ့ခိုင်မှုက လေ့ကျင့်ခန်းဆင်းနိုင်တဲ့အနေအထားမျိုးမဟုတ်သေးဘူးလို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အချိန်ယူရပါမယ်။ ကျွန်တော့်အထင် သူလေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့က နည်းနည်းအလှမ်းဝေးနေပါသေးတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။ ပေါ့ဘာဟာ အသင်းကနေထွက်ခွာလိုကြောင်း တရားဝင်ပြောကြားထားသူဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ ရီးယဲလ်မက်ဒရစ်နဲ့ အသင်းဟောင်းဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေပါတယ်။ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာကတော့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ ကစားသမားရဲ့ဆန္ဒသာ အတည်ဖြစ်ပြီး သူ့အနေနဲ့ တစ်စုံတစ်ရာမှတ်ချက်မပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။ ပေါ့ဘာရဲ့အစ်ကိုဖြစ်သူကတော့ ပေါ့ဘာအသင်းပြောင်းချင်နေတာ လူတိုင်းသိတယ်လို့ မှတ်ချက်ပေးထားခဲ့တာကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေခဲ့ပြီဖြစ်ပါတယ်။