Global

ဇလာတန်စတိုင်၊ ဒိုလေးကြိုးစားမှုကို အတုယူနေတယ်ဆိုတဲ့ ဟာလန်း

Goal Goal > February 20, 2020

ဒီနှစ်ဘောလုံးရာသီမှာ အထူးခြေစွမ်းပြ ဂိုးသွင်းနေတဲ့ တိုက်စစ်မှူးတစ်ဦးကတော့ နော်ဝေလူငယ်တိုက်စစ်မှူးလေး ဟာလန်းပါပဲ။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဟာလန်းဟာ ရက်ဘူးဆဲဘတ်အသင်းမှာ အထူးခြေစွမ်းပြခဲ့ပြီး ဂိုးတွေ တောက်လျှောက်သွင်းယူနေခဲ့သလို ဒေါ့မွန်ကို ပြောင်းလာခဲ့ပြီးနောက်မှာလည်း သူ့ရဲ့ဂိုးသွင်းနှုန်းက ကျမသွားခဲ့ပါဘူး။ သူဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၇ ပွဲ ပါဝင်ကစားထားရာမှာတော့ သွင်းဂိုး ၁၂ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၁၁ ဂိုး သွင်းယူထားပြီး အသင်းဖော်တွေကိုလည်း တစ်ဂိုး ဖန်တီးပေးထားခဲ့တာပါ။
ဟာလန်းဟာ ဒေါ့မွန်အသင်းမှာ စုစုပေါင်းပွဲချိန် မိနစ် ၄၅၀ လောက်သာ ကစားထားတာကြောင့် ပျမ်းမျှ ၃၈ မိနစ်ကို တစ်ဂိုးနှုန်းရအောင် စွမ်းဆောင်ပေးနိုင်တဲ့သဘော ဖြစ်ပါတယ်။ ဒါဟာ အတော်လေးကို မြင့်မားတဲ့ ဂိုးသွင်းနှုန်းပါပဲ။ ဒါပေမဲ့ ဟာလန်းက သူ့အနေနဲ့ ဒီထက်ပိုကောင်းအောင် ကြိုးစားသွားဦးမှာဖြစ်တယ်လို့ ကတိပြုသွားခဲ့ပါတယ်။
“ကျွန်တော်ကိုယ့်ကိုယ်ကို အားမရသေးပါဘူး။ ဒီထက် အများကြီးပိုကောင်းလာအောင် ကြိုးစားသွားဦးမှာပါ။ ကျွန်တော်က ဇလာတန်ကို အတော်လေး သဘောကျပါတယ်။ သူ့ဆီက ကျွန်တော် အများကြီး သင်ယူနေပါတယ်”လို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။
ဟာလန်းဟာ ရော်နယ်ဒိုလိုမျိုး အသေးစိတ် ကယ်လိုရီ တွက်ချက်ပြီး စားသောက်တတ်သူူတစ်ဦး ဖြစ်တယ်လို့လည်း ဖခင်ဖြစ်သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒီရာသီ ရက်ဘူးဆဲဘတ်နဲ့ ဒေါ့မွန်အသင်းတို့အတွက် ပြိုင်ပွဲစုံ ၂၉ ပွဲ ပါဝင်ကစားခဲ့သူ ဟာလန်းဟာ သွင်းဂိုး ၄၇ ဂိုးမှာ တိုက်ရိုက် ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၃၉ ဂိုး သွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၈ ဂိုး ဖန်တီးပေးထားခဲ့တာပါ။
ဆယ်ကျော်သက်အရွယ်မှာပဲ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူနေတဲ့ ဟာလန်းတစ်ယောက် ဘယ်လောက်အတိုင်းအတာထိ အောင်မြင်မှုတွေ ရယူနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။