Global

လမ်းပတ်နဲ့ ပေါလ်စခိုးထက် ဂျရတ်ပိုကောင်းပါတယ် … (ကာကာ)

Goal Goal > February 20, 2020

ပေါလ်စခိုးလ်၊ ဂျရတ်နဲ့ လမ်းပတ်တို့ သုံးယောက်စလုံးဟာ တကယ့်ထိပ်တန်း ကွင်းလယ်ကစားသမားတွေပဲ ဖြစ်ပါတယ်။ ကစားဟန်ချင်းမတူပေမယ့်လည်း တစ်ယောက်တစ်မျိုးစီထူးချွန်တဲ့ ကွင်းလယ်လူတွေပါပဲ။ ပေါလ်စခိုးဟာ မန်ယူရဲ့ကစားအားအတင်အချကို တာဝန်ယူပေးခဲ့သူ ဖြစ်ပါတယ်။ လမ်းပတ်ကတော့ ဂိုးသွင်းအကောင်းဆုံး ကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး ဂျရတ်က လီဗာပူးကို ခြေစွမ်းအရရော၊ စိတ်ဓာတ်ရေးရာအရပါ ဆွဲတင်ပေးခဲ့သူပါ။ တစ်ယောက်တစ်မျိုးစီ ကောင်းကြတာမှန်ပေမယ့် သူတို့၃ယောက်ထဲမှာ ဘယ်သူအကောင်းဆုံးလဲ ဆိုတာကတော့ ရွေးချယ်ရခက်ခဲနိုင်ပါတယ်။
မန်ယူ၊ ချယ်လ်ဆီးနဲ့ လီဗာပူးပရိသတ်တွေရဲ့ရွေးချယ်မှုတွေမှာ ဘက်လိုက်မှုတွေရှိနိုင်တယ်လို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်။ ဒါပေမဲ့ ဒီ၃သင်းရဲ့ပရိသတ်မဟုတ်သူတွေရဲ့ ရွေးချယ်မှုကတော့ တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာကောင်းပါတယ်။ နာမည်ကျော် ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ကာကာဟာ အဲဒီ ၃ ယောက်စလုံးနဲ့ ရင်ဆိုင်ကစားဖူးသူဖြစ်ပြီး တစ်ယောက်နဲ့မှ တွဲကစားဖူးတာမျိုးမရှိတာကြောင့် သူ့ရဲ့အမြင်က စိတ်ဝင်စားစရာပါ။ သူကတော့ ဒီ ၃ ယောက်ထဲမှာ ဂျရတ်က အကောင်းဆုံးဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။
“ကျွန်တော်ကတော့ ဂျရတ်ကို သဘောအကျဆုံးပါ။ ကျွန်တော်က သူတို့သုံးယောက်စလုံးနဲ့ ရင်ဆိုင်ကစားဖူးပါတယ်။ လမ်းပတ်ရဲ့ဂိုးသွင်းစွမ်းရည်ဟာ ချီးကျူးစရာဖြစ်သလို ပေါလ်စခိုးရဲ့ ကစားကွက် တည်ဆောက်ပုံကလည်း တကယ့်ထိပ်တန်းအဆင့်ပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဂျရတ်ကို အကြိုက်ဆုံးပါ”လို့ ကာကာက ပြောကြားခဲ့ပါတယ်။
နာမည်ကျော်တိုက်စစ်မှူးတစ်ဦးဖြစ်သူ မိုက်ကယ်အိုဝင်ကလည်း ဒီ ၃ ယောက်မှာ ဂျရတ်က ကျန် ၂ ယောက်ထက် တစ်ဆင့်မြင့်တယ်လို့ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။