Global

လီဗာပူးကနေ ထွက်ပြီးကတည်းက တန်ဖိုးများစွာ ကျဆင်းသွားတဲ့ ကော်တင်ဟိုနဲ့ နောက်ဆုံးရသတင်းတိုများ

Goal Goal > March 24, 2020

လက်ရှိမှာတော့ ကော်တင်ဟိုရဲ့ဈေးကွက်တန်ကြေးဟာ ပေါင် ၆၅ သန်းဝန်းကျင်သာရှိနေပြီး ဒါဟာ လီဗာပူးကနေ ထွက်ခွါပြီးနောက်မှာ တစ်ဝက်ကျော်လောက် တန်ဖိုးကျဆင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူ့ကို ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေပါတယ်။
ပါရာဂွေးအကျဉ်းထောင်မှာ ရောက်ရှိနေတဲ့ ရော်နယ်ဒင်ဟိုဟာ ထောင်ထဲမှာ လက်သမားပညာကို သင်ယူနေတယ်လို့ သိရပါတယ်။ သူဟာ ထောင်ထဲမှာ လူချစ်လူခင်များတဲ့လူတစ်ယောက် ဖြစ်နေတယ်လို့လည်း သိရပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ကို ဖျက်သိမ်းသင့်တယ်လို့ ပြောဆိုမှုကြောင့် ဝေဖန်မှုများစွာ ခံနေရပြီပဲ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး မာတင်နယ်လီကတော့ သူ့အနေနဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်လိုပြီး အသင်းနဲ့အတူ ဆုဖလားတွေများစွာရရှိဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီတလီအသင်းနည်းပြ မန်စီနီကတော့ ချဲလ်ဆီးအသင်းမှာ နေရာမရဖြစ်နေတဲ့ အီမာဆင်အနေနဲ့ အီတလီကို ပြန်သင့်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါမှသာ သူ့အတွက် လက်ရွေးစင်ကစားသမားအဖြစ် ပါဝင်ခွင့်ရဖို့ အခွင့်အရေးရှိနိုင်မယ်လို့ သူက ဆိုပါတယ်။
ဘာကာအသင်းဟာ ကစားသမားတွေကို လစာလျှော့ပေးဖို့ ကြံစည်နေပြီး မက်ဆီအပါအဝင် ကစားသမားတချို့နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ကစားသမားတွေကလည်း အကြမ်းဖျဉ်းအားဖြင့် သဘောတူခဲ့တယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အိုဒွိုင်းဟာ ကိုရိုနာဗိုင်းရပ်စ်ဝေဒနာကနေ သက်သာလာပြီးနောက် တစ်ဦးတည်း လေ့ကျင့်ခန်းတွေ ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။
လက်ရှိစပါးနည်းပြ မော်ရင်ဟိုဟာ သူ့အိမ်အနီးနားမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို အစားအသောက်တွေ လိုက်လံပေးဝေပြီး ကူညီပေးနေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုအတွက်တော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ကူညီလှုဒါန်းမှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။