Global

ထောင်ထဲမှာ လက်သမားပညာ သင်ယူနေတဲ့ ရော်နယ်ဒင်ဟို

Goal Goal > March 24, 2020

နိုင်ငံကူးလက်မှတ်အတုနဲ့ ပါရာဂွေးနိုင်ငံထဲကို ဝင်ရောက်ဖို့ကြိုးစားခဲ့လို့ ထောင်ဒဏ် ခြောက်လကျခံနေရတဲ့ ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒင်ဟိုဟာ လက်ရှိအချိန်မှာတော့ အကျဉ်းထောင်တွင်းမှာ လက်သမားပညာကို သင်ယူလေ့လာလျက်ရှိနေကြောင်း သိရပါတယ်။ ဘောလုံးသမားဘဝမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဆုကို နှစ်ကြိမ်တိတိရရှိခဲ့ဖူးသူ ရော်နယ်ဒင်ဟိုဟာ ဖျော်ဖြေမှုပေးနိုင်တဲ့ကစားဟန်၊ အမြဲတမ်းပြုံးရွှင်နေတတ်တဲ့မျက်နှာတို့ကြောင့် ပရိသတ်အားလုံးလိုလိုက ချစ်ခင်ကြရတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။
ပတ်စ်ပို့အတုလုပ်တဲ့အမှုကြောင့် အစ်ကိုဖြစ်သူနဲ့အတူ စွဲချက်တင်ခံထားရတဲ့ ရော်နယ်ဒင်ဟိုဟာ အာမခံမရရှိသေးတာကြောင့် ထောင်ဒဏ်ခြောက်လကျခံရဖို့က သေချာသလောက်ဖြစ်နေခဲ့တာပါ။ ကစားသမားဘဝတစ်လျှောက်မှာ လူချစ်လူခင်ပေါများခဲ့သူ ရော်နယ်ဒင်ဟိုဟာ အကျဉ်းထောင်တွင်းကို ရောက်ရှိလာပြီးနောက်မှာလည်း သူ့ကို ဝန်ထမ်းတွေ၊ အာဏာပိုင်တွေအပါအဝင် အားလုံးက လေးစားခင်မင်လျက် ရှိနေပါတယ်။ သူဟာ အခြားအကျဉ်းသားတွေကို ဘောလုံးကစားနည်းတွေ သင်ပေးနေသလို သူကိုယ်တိုင်လည်း ဖူဆယ်ဝင်ကစားတာမျိုးတွေ ရှိနေပါတယ်။ နောက်ဆုံးသတင်းတချို့အရ သူဟာ အားလပ်ချိန်တွေမှာ လက်သမားပညာကိုပါ သင်ယူလျက်ရှိနေကြောင်း သိရပါတယ်။
သူ့အနေနဲ့ မိခင်ဖြစ်သူကို အထူးသတိရလွမ်းဆွတ်လျက်ရှိနေတယ်လို့ ရော်နယ်ဒင်ဟိုက ဖွင့်ဟပြောကြားခဲ့ကြောင်း သတင်းတချို့က ဆိုပါတယ်။ ညနေခင်းပိုင်းအချိန်တွေမှာ သူဟာ မိခင်ဖြစ်သူနဲ့ ပုံမှန်ဆက်သွယ်စကားပြောလျက်ရှိနေကြောင်းလည်း သိရပါတယ်။